တမန်တော်ဝတ္ထု 27 - ခေတ်သစ်မြန်မာ သမ္မာကျမ်းရောမမြို့သို့ ပေါလုရွက်လွှင့်ခြင်း 1 ဖေတ္တုမင်းသည် ကျွန်ုပ်တို့ကို အီတလီသို့ သင်္ဘောဖြင့် ပို့ရန် ဆုံးဖြတ်ပြီးနောက် ထိုသူတို့က ပေါလုနှင့် အခြားအကျဉ်းသားတချို့ကို ဩဂတ်စတပ်နှင့်ဆိုင်သောတပ်၏တပ်မှူး၊ ယုလိအမည်ရှိသောသူထံသို့ လွှဲပြောင်းကြ၏။ 2 ကျွန်ုပ်တို့သည် အာရှပြည်ကမ်းရိုးတန်းတစ်လျှောက်ရှိ ဆိပ်ကမ်းမြို့များသို့ရွက်လွှင့်တော့မည့် အဒြာမုတ္တိသင်္ဘောပေါ်သို့တက်၍ ရွက်လွှင့်ကြ၏။ သက်သာလောနိတ်မြို့မှ မာကေဒေါနိပြည်သား၊ အာရိတ္တာခုသည်လည်း ကျွန်ုပ်တို့နှင့်အတူလိုက်ပါလာ၏။ 3 နောက်တစ်နေ့တွင် ဆီဒုန်မြို့သို့ဆိုက်ရောက်ကြ၏။ ယုလိသည် ပေါလုအား ကြင်နာစွာဆက်ဆံကာ မိတ်ဆွေများထံ သွား၍ ပြုစုစောင့်ရှောက်ခံရန် ခွင့်ပြုလေ၏။ 4 ထိုနေရာမှ ကျွန်ုပ်တို့ရွက်လွှင့်ကြသောအခါ လေသည်ဆန့်ကျင်ဘက်တိုက်သောကြောင့် ဆိုက်ပရပ်ကျွန်း၏လေကွယ်ရာကိုခိုလျက် ရွက်လွှင့်ကြ၏။ 5 ကျွန်ုပ်တို့သည် ဆီလီဆီးယားပြည်နှင့် ပံဖုလိပြည်၏ပင်လယ်ပြင်ကိုဖြတ်၍ ရွက်လွှင့်ပြီးနောက် လုကိပြည်ရှိမုရမြို့သို့ ရောက်ကြ၏။ 6 ထိုမြို့တွင် အီတလီသို့ရွက်လွှင့်မည့် အလက်ဇန်းဒါးသင်္ဘောတစ်စင်းကို တပ်မှူးသည်တွေ့ရှိသဖြင့် ကျွန်ုပ်တို့ကို ထိုသင်္ဘောပေါ်သို့ တက်စေ၏။ 7 ကျွန်ုပ်တို့သည် ရက်ပေါင်းများစွာ ဖြည်းဖြည်းသာ ရွက်လွှင့်ကြပြီး ကနိဒ်မြို့အနီးသို့ ခက်ခဲစွာ ရောက်ရှိကြ၏။ လေသည် ဆန့်ကျင်ဘက်တိုက်ခတ်သောကြောင့် သာလမုန်အငူနားမှဖြတ်၍ ကရေတေကျွန်း၏လေကွယ်ရာဘက်မှ ရွက်လွှင့်ကြ၏။ 8 ထိုသို့ ကမ်းရိုးတန်းတစ်လျှောက် ခက်ခဲစွာရွက်လွှင့်လာပြီးနောက် လာသဲမြို့အနီးရှိ ဆိပ်ကမ်းသာဟု ခေါ်သောနေရာသို့ ရောက်ကြ၏။ 9 အချိန်များစွာ ကြန့်ကြာသွားသည့်အလျောက် အစာရှောင်သည့်နေ့ ကျော်လွန်လာပြီး ပယ်လယ်ခရီးထွက်ရန် မသင့်သည့်ရာသီဥတုဖြစ်သောကြောင့် ပေါလုက 10 “မိတ်ဆွေတို့… ဤခရီးစဉ်တွင် ကုန်နှင့်သင်္ဘောသာမက ကျွန်ုပ်တို့၏အသက်များပင် ထိခိုက်မှုနှင့်ဆုံးရှုံးမှုကြီး ဖြစ်လာလိမ့်မည်ဟု ကျွန်ုပ်ထင်မြင်မိပါသည်” ဟူ၍ သတိပေးနှိုးဆော်လေ၏။ 11 သို့သော်လည်း တပ်မှူးသည် ပေါလုစကားထက် ရေယာဉ်မှူးနှင့် သင်္ဘောပိုင်ရှင်တို့၏စကားကိုသာ ယုံကြည်၏။ 12 ထိုဆိပ်ကမ်းသည် ဆောင်းခိုရန်မသင့်လျော်သဖြင့် ထိုနေရာမှခွာကာ ဖြစ်နိုင်ပါက ဖိနိတ်မြို့သို့ရောက်ရှိ၍ ဖိနိတ်ဆိပ်ကမ်းတွင် ဆောင်းခိုနိုင်ရန်အတွက် လူအများစုက အကြံပြုကြ၏။ ထိုဆိပ်ကမ်းသည် ကရေတေကျွန်းရှိဆိပ်ကမ်းဖြစ်ပြီး အနောက်တောင်နှင့် အနောက်မြောက်ဘက်သို့ မျက်နှာမူလျက်ရှိ၏။ ပင်လယ်ပြင်တွင် မုန်တိုင်းကျရောက်ခြင်း 13 တောင်လေသည် ဖြည်းညင်းစွာတိုက်ခတ်လာသောအခါ သူတို့သည် မိမိတို့အကြံအစည်အောင်မြင်မည်ဟု ထင်မှတ်၍ ကျောက်ဆူးကိုနှုတ်ကာ ကရေတေကျွန်း၏ကမ်းခြေကိုကပ်လျက် ရွက်လွှင့်ကြ၏။ 14 သို့သော် မကြာမီအချိန်အတွင်း၌ပင် အရှေ့မြောက်လေဟု ခေါ်သောကုန်းတွင်းပိုင်းမှ လေပြင်းမုန်တိုင်း တိုက်ခတ်လာ၏။ 15 သင်္ဘောသည် မုန်တိုင်းမိ၍ လေကိုမဆန်နိုင်သောကြောင့် ကျွန်ုပ်တို့သည်လည်း လက်လျှော့၍ လေတိုက်ရာအတိုင်းလွင့်ပါသွားကြရ၏။ 16 သို့သော် ကျွန်ုပ်တို့သည် ကောဒဟု ခေါ်သောကျွန်းငယ်၏လေကွယ်ရာကိုခို၍ အသက်ကယ်လှေအား ခက်ခဲစွာ ထိန်းချုပ်နိုင်ခဲ့၏။ 17 ထိုလှေငယ်ကို သင်္ဘောပေါ်သို့တင်ပြီးသောအခါ သင်္ဘောကိုယ်ထည်ခိုင်ခံ့စေရန် ကြိုးဖြင့်ပတ်ချည်ထားကြ၏။ ဆိတင်သဲသောင်တွင် သောင်တင်မည်ကိုလည်းစိုးရိမ်သောကြောင့် သင်္ဘောရွက်ထည်ကို သိမ်းသဖြင့် လေတိုက်ရာသို့ လွင့်ပါကြရ၏။ 18 ကျွန်ုပ်တို့သည် မုန်တိုင်းဒဏ်ပြင်းထန်စွာခံရသဖြင့် နောက်တစ်နေ့တွင် သူတို့က ကုန်များကို သင်္ဘောပေါ်မှပစ်ချကြ၏။ 19 သုံးရက်မြောက်နေ့တွင် သူတို့သည် သင်္ဘောအသုံးအဆောင်များကို ယူ၍ပစ်ချကြပြန်၏။ 20 ကျွန်ုပ်တို့သည် နေနှင့်ကြယ်များကို ရက်ပေါင်းများစွာမမြင်ကြရပေ။ မုန်တိုင်းသည် အရှိန်မလျော့သေးသဖြင့် ဘေးလွှတ်မည်ဟူသော မျှော်လင့်ချက်သည်လည်း မရှိတော့ပေ။ 21 ကျွန်ုပ်တို့သည် အချိန်ကြာမြင့်စွာ အစာမစားဘဲနေကြပြီးနောက် ပေါလုက သူတို့အလယ်တွင် ရပ်လျက် “မိတ်ဆွေတို့… သင်တို့သည် ကျွန်ုပ်၏အကြံပြုချက်ကိုလက်ခံ၍ ကရေတေကျွန်းမှရွက်မလွှင့်လျှင် ဤပျက်စီးဆုံးရှုံးမှုနှင့် ကြုံရမည်မဟုတ်ပါ။ 22 သို့သော်လည်း ယခု အားတင်းကြလော့။ သင်တို့တွင် မည်သူမျှ အသက်ဆုံးရှုံးမည်မဟုတ်ပါ။ သင်္ဘောကိုသာ ဆုံးရှုံးရလိမ့်မည်။ 23 အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်ကိုပိုင်၍ ကျွန်ုပ်ကိုးကွယ်သောဘုရားသခင်၏ကောင်းကင်တမန်သည် မနေ့ညတွင် ကျွန်ုပ်၏အနားတွင် ရပ်လျက် 24 ‘ပေါလု… မကြောက်နှင့်။ သင်သည်ဆီဇာဘုရင်ရှေ့မှောက်သို့ ဝင်ရမည်။ ထို့ပြင် ဘုရားသခင်သည် သင်နှင့်အတူရွက်လွှင့်သောသူရှိသမျှတို့အား အသက်ဘေးမှ လွတ်ခွင့်ကိုလည်း ပေးတော်မူပြီ’ ဟု ဆို၏။ 25 ထို့ကြောင့် မိတ်ဆွေတို့… အားတင်းကြလော့။ ကျွန်ုပ်အား ကောင်းကင်တမန်ဖော်ပြသည့်အတိုင်း မလွဲမသွေဖြစ်လိမ့်မည်ဟု ဘုရားသခင်ကို အမှီပြု၍ ကျွန်ုပ်ယုံကြည်ပါ၏။ 26 သို့သော် ကျွန်ုပ်တို့သည် ကျွန်းတစ်ကျွန်းပေါ်တွင် သောင်တင်ရလိမ့်မည်” ဟု ပြောလေ၏။ သင်္ဘောပျက်ခြင်း 27 ဆယ့်လေးရက်မြောက်ညအချိန်ရောက်သောအခါ ကျွန်ုပ်တို့သည် အာဒြိပင်လယ်အတွင်း လူးလွန့်မျောပါလျက်ရှိစဉ် သန်းခေါင်ယံအချိန်တွင် ကမ်းခြေအနီးသို့ရောက်တော့မည်ဟု သင်္ဘောသားများက မှန်းဆကြ၏။ 28 ထို့ကြောင့် ရေအနက်ကိုတိုင်းကြည့်ရာ ပေတစ်ရာ့နှစ်ဆယ်ရှိကြောင်း တွေ့ရ၏။ ထို့နောက် ရှေ့သို့ အနည်းငယ် သွားပြီးနောက် ထပ်မံတိုင်းကြည့်ရာ ပေကိုးဆယ်နက်ကြောင်းတွေ့ရ၏။ 29 ကျောက်ဆောင်များနှင့် တိုက်မိမည်ကို စိုးရိမ်ရသောကြောင့် သင်္ဘောသားတို့သည် သင်္ဘောပဲ့ရှိကျောက်ဆူးလေးခုကို ချပြီးလျှင် မိုးလင်းရန်သာ ဆုတောင်းကြ၏။ 30 သို့သော် သင်္ဘောသားများသည် သင်္ဘောမှလွှတ်ရန်ကြိုးစား၍ သင်္ဘောဦးပိုင်းသို့သွားကာ ကျောက်ဆူးချမည့်ဟန်ပြုလျက် အသက်ကယ်လှေကို ပင်လယ်ထဲသို့ချလေ၏။ 31 ထိုအခါ ပေါလုက တပ်မှူးနှင့် စစ်သားများအား “ဤလူတို့သည် သင်္ဘောပေါ်တွင် မနေလျှင် သင်တို့သည်လည်း ဘေးလွှတ်နိုင်မည်မဟုတ်ပါ” ဟု ပြောလေ၏။ 32 ထိုအခါ စစ်သားများက လှေကြိုးကိုဖြတ်၍ အသက်ကယ်လှေကို မျှောချလိုက်ကြ၏။ 33 မိုးလင်းလုနီးသောအခါ ပေါလုက ထိုသူတို့အားလုံးကို အစာစားရန် တိုက်တွန်းလျက် “သင်တို့သည် မည်သည့်အစာကိုမျှမစားဘဲ စိုးရိမ်ကြီးစွာ ဆက်တိုက်စောင့်ကြည့်လာသည်မှာ ယနေ့ဆယ့်လေးရက်ရှိပြီ။ 34 ထို့ကြောင့် အစာစားရန် သင်တို့အား ကျွန်ုပ်တိုက်တွန်းပါ၏။ စားလျှင် ခွန်အားပြည့်၍ သင်တို့အသက်ရှင်နိုင်မည်။ သင်တို့၏ဦးခေါင်းမှ ဆံခြည်တစ်မျှင်မျှ ဆုံးရှုံးရမည်မဟုတ်ပါ” ဟု ဆိုလေ၏။ 35 ထိုသို့ပြောဆိုပြီးနောက် သူသည်မုန့်ကိုယူကာ လူများရှေ့တွင် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းကာ ဖဲ့၍စားလေ၏။ 36 ကျွန်ုပ်တို့အားလုံးကလည်း အားတက်၍ အစာကိုစားကြလေ၏။ 37 သင်္ဘောပေါ်တွင် လူပေါင်းနှစ်ရာခုနစ်ဆယ့်ခြောက်ယောက်ပါရှိကြ၏။ 38 အစာကိုဝအောင်စားသောက်ပြီးကြသောအခါ ဂျုံဆန်ကို ပင်လယ်ထဲသို့ပစ်ချ၍ သင်္ဘောကိုပေါ့စေကြ၏။ 39 မိုးလင်းသောအခါ မည်သည့်အရပ်ဒေသဖြစ်သည်ကို မသိသော်လည်း ကမ်းခြေပါရှိသောပင်လယ်ကွေ့တစ်ခုဖြစ်ကြောင်း သတိထားမိကြ၏။ ထို့ကြောင့် ဖြစ်နိုင်ပါက သင်္ဘောကို ထိုကမ်းခြေသို့ထိုးစိုက်ရန် ဆုံးဖြတ်ကြ၏။ 40 ထို့နောက် ကျောက်ဆူးများကိုဖြတ်၍ ပင်လယ်ထဲသို့ချလိုက်ကြ၏။ တစ်ချိန်တည်းတွင်ပင် တက်မကြိုးများကိုဖြေလျက် သင်္ဘောရွက်ကိုတင်ပြီး ကမ်းသို့ဦးတည်ရွက်လွှင့်ကြ၏။ 41 သို့သော် ပင်လယ်ရေကြောင်းဆုံရာသဲသောင်ပေါ်သို့ သင်္ဘောထိုးစိုက်သဖြင့် သင်္ဘောဦးပိုင်းသည် သောင်တင်၍ မလှုပ်နိုင်သည့်အပြင် ပဲ့ကိုလည်း လှိုင်းလုံးများရိုက်ခတ်သောကြောင့် ကျိုးပျက်လေ၏။ 42 စစ်သားများသည် အကျဉ်းသားများ ကုန်းသို့ ရေကူး၍ထွက်ပြေးမည်ကို စိုးသောကြောင့် သတ်ရန်ကြံစည်ကြ၏။ 43 သို့သော် တပ်မှူးသည် ပေါလုကိုကယ်တင်လိုသဖြင့် သူတို့၏အကြံအစည်ကိုတားမြစ်၍ ရေကူးနိုင်သောသူများအား သင်္ဘောပေါ်မှ ဦးစွာခုန်ဆင်း၍ ကမ်းခြေသို့ ကူးသွားရန်နှင့် 44 ကျန်လူများကိုမူ ပျဉ်ချပ်များနှင့် သင်္ဘောပျက်၏အပိုင်းအစများဖြင့် ကူးသွားရန် ညွှန်ကြားလေ၏။ ဤသို့ဖြင့် ကျွန်ုပ်တို့အားလုံးသည် ကုန်းပေါ်သို့ ဘေးကင်းစွာရောက်ရှိကြလေ၏။ |
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.
Biblica, Inc.