၁ ရာချုပ် 22:7Judson Bibleငါ့သား၊ ငါ၏ဘုရားသခင် ထာဝရဘုရား၏နာမတော်အဖို့ အိမ်တော်ကို တည်ဆောက်မည်ဟု ငါအကြံရှိပြီ။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကိုရှာခြင်းငှာ ကိုယ်စိတ်နှလုံးကို နှိုးဆော်တိုက်တွန်းကြလော့။ ထာဝရဘုရား၏ နာမတော်အဖို့၊ တည်ရသော အိမ်တော်ထဲသို့ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်နှင့် ဘုရားသခင်၏ သန့်ရှင်းသောတန်ဆာတို့ကို သွင်းခြင်းငှာ ထကြလော့။ ထာဝရအရှင် ဘုရားသခင်၏သန့်ရှင်းရာဌာနတော်ကို တည်ဆောက်ကြလော့ဟု မှာထားတော်မူ၏။
ဣသရေလအမျိုးသည် အစဉ်ကျင့်ရသော တရားအတိုင်း ဘုရားရှေ့မှာ နံ့သာပေါင်းကို မီးရှို့ခြင်းငှာလည်းကောင်း၊ ရှေ့တော်မုန့်ကို အစဉ်တင်ခြင်းငှာလည်းကောင်း၊ ညဉ့်ဦး၊ နံနက်၊ ဥပုသ်နေ့၊ လဆန်းနေ့၊ ငါတို့ဘုရားသခင် ထာဝရဘုရား၏ဓမ္မပွဲနေ့တို့၌ မီးရှို့ရာယဇ်ကို ပူဇော်ခြင်းငှာလည်းကောင်း၊ ငါ၏ ဘုရားသခင် ထာဝရဘုရား၏ နာမတော်အဖို့ အိမ်တော်ကို တည်ဆောက်၍ ပူဇော်ရမည်။
ယေရုရှလင်မြို့၏ ဘုရားအိမ်တော်ကို ကျိုးပဲ့ပျက်စီးစေခြင်းငှာ ပြုသောရှင်ဘုရင်နှင့် ဆင်းရဲသားအပေါင်းတို့ကို၊ ထိုအရပ်၌ နာမတော်တည်စေသော ဘုရားသခင်သည် ဖျက်ဆီးတော်မူပါစေသော။ ငါဒါရိသည် အမိန့်တော်ကိုပေး၏။ အမိန့်တော်အတိုင်း အလျင်အမြန်ပြုစေဟု ပေးလိုက်သတည်း။
နာမတော်ကိုတည်စေဖို့ရာ၊ သင်တို့၏ဘုရားသခင်ထာဝရဘုရား ရွေးကောက်တော်မူသောအရပ် ရှိရမည်။ ထိုအရပ်သို့ ငါမှာထားသမျှအတိုင်း၊ သင်တို့မီးရှို့ရာယဇ် အစရှိသောယဇ်များ၊ ဆယ်ဖို့တစ်ဖို့ပူဇော်သကာ၊ ချီမြှောက်ရာ ပူဇော်သကာ၊ ထာဝရဘုရားအားကတိရှိသည်အတိုင်း၊ မြတ်သောပူဇော်သကာတို့ကို ဆောင်ခဲ့ရကြမည်။