သစ်သောစပျစ်ရည်သည် ငြိုငြင်လေ၏။ စပျစ်နွယ်ပင်သည်လည်း အားလျော့လေ၏။ စိတ်ရွှင်လန်းသောသူအပေါင်းတို့သည် ညည်းတွားကြ၏။
ဝပြောသောလယ်ပြင်ထဲမှာ ဝမ်းမြောက်ရွှင်လန်းခြင်း ပြတ်လေပြီ။ စပျစ်ဥယျာဉ်၌ သီချင်းမဆိုရကြ။ မကြွေးကြော်ရကြ။ စပျစ်သီးနယ်ရာကျင်း၌ စပျစ်သီးကို နင်းသောသူလည်း မနင်းရ။ ကြွေးကြော်သောအသံကိုလည်း ငါပြတ်စေပြီ။
ဟေရှဘုန်လယ်ပြင်တို့သည် သွေ့ခြောက်ကြ၏။ စိဗမာစပျစ်နွယ်ပင် အညွန့်များကိုလည်း တစ်ပါးအမျိုးသားမင်းတို့သည် ချိုးကြပြီ။ ထိုအညွန့်တို့သည် အထက်က ယာဇာမြို့တိုင်အောင်ရောက်၍၊ တော၌လည်တတ်ကြ၏။ အလက်တို့သည် ရှည်လျား၍၊ ပင်လယ်ကိုလွန်ကြ၏။
ယုဒမြို့များ၊ ယေရုရှလင်လမ်းများတို့၌ ဝမ်းမြောက်သောအသံ၊ ရွှင်လန်းသောအသံ၊ မင်္ဂလာဆောင်သတို့သားအသံနှင့် မင်္ဂလာဆောင် သတို့သမီးအသံကို ငါစဲစေမည်။ တစ်ပြည်လုံးသည် လူဆိတ်ညံရာအရပ်ဖြစ်လိမ့်မည် ဟုမိန့်တော်မူ၏။
သူတို့အပေါ်မှာ ငါသည်လက်ကိုဆန့်၍၊ ဒိဗလတ်မြို့နှင့် ဆိုင်သော လွင်ပြင်ထက်၊ သူတို့ နေလေရာရာပြည်ကို သာ၍ လူဆိတ်ညံရာ၊ အံ့ဩဖွယ်ရာ ဖြစ်စေသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။