ဧဖရိမ်သည် များစွာသောယဇ်ပလ္လင်တို့ကို အပြစ်အဖို့ လုပ်သောကြောင့်၊ ယဇ်ပလ္လင်တို့ကို သူ၏အပြစ်ဟူ၍ မှတ်ရလိမ့်မည်။
သင်တို့နှင့် သင်တို့၏ဘိုးဘေးမသိသောပြည်သို့ ဤပြည်ထဲက သင်တို့ကို ငါနှင်လိုက်မည်။ ထိုပြည်၌ သင်တို့သည် ငါ၏ကျေးဇူးကို မခံရ။ အခြားတစ်ပါးသောဘုရားတို့ကို နေ့ညမပြတ် ဝတ်ပြုရကြမည်။
ယုဒအမျိုး၏အပြစ်သည် သံကညစ်၊ စိန်ချွန်နှင့် သူတို့နှလုံးပြား၌လည်းကောင်း၊ ယဇ်ပလ္လင်ဦးချို၌လည်းကောင်း အက္ခရာတင်၍ မှတ်သားလျက်ရှိ၏။
ဣသရေလပြစ်မှားရာ အာဝင်မြို့ကုန်းတို့သည် ပြိုကျ၍၊ ဆူးပင်အမျိုးမျိုးတို့သည် သူတို့ယဇ်ပလ္လင်များကို လွှမ်းမိုးကြလိမ့်မည်။ မြို့သားတို့ကလည်း၊ အို တောင်များတို့၊ ငါတို့ကို ဖုံးအုပ်ကြပါ။ အို ကုန်းများတို့၊ ငါတို့အပေါ်၌ ကျကြပါဟု ခေါ်ကြလိမ့်မည်။
ဂိလဒ်ပြည်၌ အပြစ်ရှိ၏။ ပြည်သူပြည်သားတို့သည် အကျိုးနည်း ရှိကြပြီ။ ဂိလဂါလမြို့၌ နွားတို့ကို ယဇ်ပူဇော်၍၊ ယဇ်ပလ္လင်တို့သည် ထွန်ကြောင်းတွင် မြေအပုံပုံ ရှိသကဲ့သို့ များကြ၏။
သူတို့သည် ပြုမြဲပြုသောကြောင့်၊ သူတို့၏ဘုရားသခင့်ထံတော်သို့ ပြန်၍မလာနိုင်ကြ။ မှားယွင်းသောသဘော စွဲလမ်းသည်ဖြစ်၍၊ ထာဝရဘုရားကို မသိကြ။
ထိုအရပ်တို့၌၊ လူလက်ဖြင့်လုပ်၍မမြင်နိုင်၊ မကြားနိုင်၊ မစားနိုင်၊ မနမ်းနိုင်သောသစ်သားဘုရား၊ ကျောက်ဘုရားတို့ကို သင်တို့သည် ဝတ်ပြုရကြလိမ့်မည်။