ဆင်းရဲသားတို့အား စွန့်ကြဲသောသူသည် ကိုယ်တိုင်မဆင်းရဲရာ။ လွှဲရှောင်သောသူမူကား၊ များစွာသောကျိန်ဆဲခြင်းကို ခံရလိမ့်မည်။
စွန့်ကြဲသော်လည်း ဥစ္စာတိုးပွားတတ်သောသူရှိ၏။ အထောက်မတန်စုသိမ်း၍ ဆင်းရဲခြင်းသို့ ရောက်တတ်သောသူလည်းရှိ၏။
စွန့်ကြဲတတ်သောသူသည် ကြွယ်ဝလိမ့်မည်။ သူတစ်ပါးကို ရေလောင်းသောသူသည် ကိုယ်တိုင်ရေလောင်းခြင်းအကျိုးကို ခံရလိမ့်မည်။
စပါးကို သိုထားသောသူသည် လူများကျိန်ဆဲခြင်းကိုခံရလိမ့်မည်။ ရောင်းချသောသူ၏ခေါင်း၌မူကား၊ ကောင်းချီးမင်္ဂလာ ရှိလိမ့်မည်။
ဆင်းရဲသားကို သနားသောသူသည် ထာဝရဘုရားအား ချေးငှားသောသူဖြစ်၍၊ သူပြုသောအမှု၏အကျိုးကို ဆပ်ပေးတော်မူလိမ့်မည်။
ကရုဏာမျက်စိရှိသောသူသည် ဆင်းရဲသောသူတို့ကို ကျွေးသောကြောင့် မင်္ဂလာရှိလိမ့်မည်။
သင်သည်ဖြောင့်မတ်၏ဟု မတရားသောသူအားဆိုသောသူကို လူအမျိုးတို့သည် ကျိန်ဆဲကြလိမ့်မည်။ လူအနွယ်တို့သည် စက်ဆုပ်ရွံရှာကြလိမ့်မည်။
မတရားသောသူတို့သည် ချီးမြှောက်ခြင်းသို့ရောက်သောအခါ၊ လူတို့သည် ပုန်းရှောင်၍နေရကြ၏။ ပျက်စီးခြင်းသို့ ရောက်သောအခါ၊ ဖြောင့်မတ်သောသူတို့သည် ပွားများတတ်ကြ၏။
သင်တို့သည်လက်ဝါးတို့ကို ဖြန့်ကြသောအခါ၊ ငါသည်မျက်စိကိုလွှဲမည်။ များစွာသောပတ္ထနာကိုပြုကြသောအခါ၊ ငါသည်နားမထောင်။ သင်တို့လက်တို့သည် အသွေးနှင့် ပြည့်ကြ၏။
အကယ်စင်စစ် သူ့အားပေးရမည်။ ပေးသောအခါ နှမြောသောစိတ်မရှိရ။ အကြောင်းမူကား၊ ထိုဒါနကြောင့် သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်ပြုလေရာရာ၊ လုပ်ဆောင်လေရာရာ၌ ကောင်းချီးပေးတော်မူမည်။
သင်၏ ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောပြည်တွင်၊ မြို့တစ်စုံတစ်မြို့၌ ဆင်းရဲသော ညီအစ်ကိုချင်းရှိလျှင်၊ ထိုဆင်းရဲသော ညီအစ်ကို၌ သင်သည် သနားသောစိတ်ကို မချုပ်တည်းရ။ လက်ကိုလည်း မပိတ်ရ။
ကျေးဇူးပြုခြင်း၊ ဥစ္စာဝေမျှခြင်းအမှုတို့ကို မမေ့မလျော့ကြနှင့်။ ထိုသို့သောယဇ်ကို ဘုရားသခင်သည် အားရနှစ်သက်တော်မူ၏။