စိတ်မြင့်သောသူသည် ခိုက်ရန်ကိုနှိုးဆော်တတ်၏။ ထာဝရဘုရားကို ခိုလှုံသောသူမူကား၊ ကြွယ်ဝတတ်၏။
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ ကိုယ်တော်၌ ခိုလှုံသောသူသည် မင်္ဂလာရှိပါ၏။
မုန်းသောစိတ်သည် ရန်တွေ့ရာသို့ တိုက်တွန်းတတ်၏။ ချစ်သောစိတ်မူကား၊ ခပ်သိမ်းသောအပြစ်တို့ကို ဖုံးအုပ်တတ်၏။
ဖြောင့်မတ်သောသူကို ငတ်၍သေစေခြင်းငှာ၊ ထာဝရဘုရားသည် အခွင့်ပေးတော်မမူ။ မတရားသောသူတို့၏ အဓမ္မအမှုကိုကား ဖျက်ဆီးတော်မူ၏။
စွန့်ကြဲတတ်သောသူသည် ကြွယ်ဝလိမ့်မည်။ သူတစ်ပါးကို ရေလောင်းသောသူသည် ကိုယ်တိုင်ရေလောင်းခြင်းအကျိုးကို ခံရလိမ့်မည်။
မာနကြောင့်သာ ရန်တွေ့ခြင်းဖြစ်၏။ သတိပေးသောစကားကို နားခံသောသူမူကား ပညာရှိ၏။
ပျင်းရိသောသူသည် အဘယ်အရာကိုမျှ တောင့်တ၍မရတတ်။ လုံ့လဝိရိယပြုသောသူမူကား၊ မိမိအလိုဆန္ဒ ပြည့်စုံရ၏။
မာနကြီးသောသူသည် ရန်ကိုနှိုးဆော်တတ်၏။ သည်းခံနိုင်သောသူမူကား ငြိမ်းတတ်၏။
မတရားသော စီးပွားကိုရှာသောသူသည် မိမိအိမ်သားတို့ကို နှောင့်ယှက်တတ်၏။ တံစိုးကိုရွံသောသူမူကား အသက်ချမ်းသာရလိမ့်မည်။
မျက်စိအလင်းသည် နှလုံးကို ရွှင်လန်းစေတတ်၏။ ကောင်းသောသတင်းစကားသည်လည်း၊ အရိုးတို့ကို ခြင်ဆီနှင့် ပြည့်ဝစေတတ်၏။
ပြင်းစွာသော ဒေါသအမျက်၌ ကျင်လည်သောသူကို၊ ထောင်လွှားစော်ကားသောသူ၊ မထီမဲ့မြင်ပြုသောသူဟူ၍ သမုတ်အပ်၏။
မထီမဲ့မြင်ပြုသောသူကိုနှင်ထုတ်လော့။ သို့ပြုလျှင် ရန်မာန်လည်း ထွက်သွားလိမ့်မည်။ ရန်တွေ့ခြင်းနှင့် ကဲ့ရဲ့ခြင်းလည်း ငြိမ်းလိမ့်မည်။
စိတ်ဆိုးတတ်သောသူသည် ခိုက်ရန်မှုကို နှိုးဆော်တတ်၏။ ပြင်းထန်သောသူသည်လည်း၊ အလွန်အကျူးများတတ်၏။
လူကိုကြောက်ရွံ့ခြင်းသဘောသည် ကျော့ကွင်းကိုထောင်တတ်၏။ ထာဝရဘုရားကို ခိုလှုံသောသူမူကား လုံခြုံလိမ့်မည်။
ထာဝရဘုရားသည် သင့်ကိုအစဉ် ပဲ့ပြင်တော်မူမည်။ အစာခေါင်းပါးသည် ကာလ၌ ဝစွာကျွေး၍၊ သင်၏အရိုးတို့ကို ခိုင်ခံ့စေတော်မူမည်။ သင်သည် ရေလောင်းသောဥယျာဉ်ကဲ့သို့လည်းကောင်း၊ ရေမပြတ်နိုင်သော စမ်းရေတွင်းကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။
ရောင့်ရဲသောစိတ်ပါလျှင်၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် ကြီးစွာသော အကျိုးစီးပွားမှန်၏။-