ယေရမိ 22:21Judson Bibleသင်သည် ကောင်းစားသောအခါ ငါသတိပေး၏။ သင်က၊ ငါနားမထောင်ဟု ပြန်ပြော၏။ ငယ်သောအရွယ်မှစ၍ ငါ့စကားကို နားမထောင်ဘဲ နေမြဲရှိ၏။ အခန်းကိုကြည့်ပါ။ |
ဣသရေ လအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမြို့သားတို့သည် ငါ့စကားကို နားမထောင်ခြင်းငှာ၊ မိမိတို့လည်ပင်းကို ခိုင်မာစေသောကြောင့်၊ ငါခြိမ်းသမျှသောဘေးဒဏ်တို့ကို၊ ဤမြို့ရွာရှိသမျှတို့အပေါ်မှာ သက်ရောက်စေမည်ဟူသောအမိန့်တော်ကို လူအပေါင်းတို့အား ဆင့်ဆိုလေ၏။
ယခုဖြစ်သော အမျိုးသားတို့၊ ထာဝရဘုရား၏အမိန့်တော်ကို ဆင်ခြင်ကြလော့။ ငါသည် ဣသရေလအမျိုး၌ တောကဲ့သို့လည်းကောင်း၊ မှောင်မိုက်နိုင်ငံကဲ့သို့လည်းကောင်း ဖြစ်ဖူးသလော။ ငါ၏လူတို့က၊ ငါတို့သည် အရပ်ရပ်သို့ လည်မည်။ ကိုယ်တော်ထံသို့ နောက်တစ်ဖန် မချဉ်းကပ်ဟု အဘယ်ကြောင့် ဆိုကြသနည်း။
အကျွန်ုပ်တို့သည် ရှက်ကြောက်လျက် အိပ်ရကြ၏။ အသရေပျက်ခြင်း၌ နစ်မွန်းကြ၏။ အကြောင်းမူကား၊ အကျွန်ုပ်တို့သည် ငယ်သောအရွယ်မှစ၍ ယခုတိုင်အောင် ဘိုးဘေးနှင့်တကွ အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရား၏စကားတော်ကို နားမထောင်။ အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားကို ပြစ်မှားပါပြီဟု ဆိုကြ၏။
ငါ၏ကျွန် ပရောဖက်အပေါင်းတို့ကိုလည်း၊ ငါသည် စောစောထ၍ သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်လျက်၊ သင်တို့အသီးအသီး လိုက်သော အဓမ္မလမ်းကို ရှောင်ကြလော့။ သင်တို့အကျင့်ကို ပြုပြင်ကြလော့။ အခြားတစ်ပါးသော ဘုရားနောက်သို့ မလိုက်၊ ဝတ်မပြုကြနှင့်။ ဤစကားကို နားထောင်လျှင်၊ သင်တို့နှင့် သင်တို့၏ ဘိုးဘေးတို့အား ငါပေးသောပြည်၌ နေရကြလိမ့်မည်ဟု မှာလိုက်သော်လည်း၊ သင်တို့သည် နားကိုပိတ်လျက်၊ ငါ့စကားကို နားမထောင်ဘဲနေကြပြီ။
ထာဝရဘုရား မိန့်တော်မူသည်ကား၊ လမ်းနားမှာရပ်၍ ကြည့်ရှုကြလော့။ ရှေးလမ်းဟောင်းတို့ကို ရှာဖွေလျက်၊ ကောင်းသောလမ်းသည် အဘယ်မှာရှိသနည်းဟု မေးမြန်း၍၊ ထိုလမ်းသို့လိုက်ကြလော့။ သို့ပြုလျှင်၊ စိတ်နှလုံးသက်သာကြလိမ့်မည်။ သို့ရာတွင်၊ ငါတို့သည် မလိုက်ဟု ပြန်ပြောကြ၏။
သို့ရာတွင်၊ ဣသရေလအမျိုးသည် တော၌ငါ့ကို ပုန်ကန်ကြ၏။ ကျင့်သောသူ၌ အသက်ရှင်စရာအကြောင်းဖြစ်သော ငါ၏စီရင်ထုံးဖွဲ့ချက်ကို မစောင့်ရှောက်၊ မထီမဲ့မြင်ပြု၍ ငါ၏ဥပုသ်နေ့တို့ကို အလွန်ရှုတ်ချကြ၏။ ထိုအခါ သူတို့ကိုဖျက်ဆီးခြင်းငှာ၊ တော၌သူတို့အပေါ်သို့ ငါ့အမျက်အရှိန်ကို သွန်းလောင်းမည်ဟု အကြံရှိ၏။
သို့သော်လည်း၊ သူတို့၏သားမြေးတို့သည် ငါ့ကို ပုန်ကန်ကြ၏။ ကျင့်သောသူ၌ အသက်ရှင်စရာ အကြောင်းဖြစ်သော၊ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ရှောက်၊ မကျင့်ကြံဘဲနေ၍၊ ငါ၏ဥပုသ်နေ့တို့ကို ရှုတ်ချကြ၏။ ထိုအခါ ငါသည်သူတို့၌ ဒေါသစိတ်ကို ပြေစေခြင်းငှာ၊ တောထဲမှာ ငါ၏အမျက်အရှိန်ကို သူတို့အပေါ်သို့ သွန်းလောင်းမည်ဟု အကြံရှိ၏။
သူတို့အားပေးခြင်းငှာ ငါကျိန်ဆိုသောပြည်သို့ ဆောင်သွင်းသောအခါ၊ သူတို့သည်မြင့်သောတောင်၊ ထူထပ်သော သစ်ပင်ရှိသမျှတို့ကို ကြည့်ရှု၍၊ ထိုအရပ်တို့၌ ယဇ်ပူဇော်ခြင်း၊ ငါ့အမျက်ကို နှိုးဆော်သောအလှူဒါနကိုတင်ခြင်း၊ နံ့သာပေါင်းကိုမီးရှို့ခြင်း၊ အရည်ပူဇော်သကာ သွန်းလောင်းခြင်းတို့ကို ပြုကြ၏။
သူတို့သည် နားမထောင်၊ ငါ့ကိုပုန်ကန်ကြ၏။ အသီးအသီးဖူးမြင်သော စက်ဆုပ်ရွံရှာဖွယ်အရာတို့ကိုလည်းကောင်း၊ အဲဂုတ္တုရုပ်တုတို့ကိုလည်းကောင်း၊ မစွန့်ပစ်ဘဲနေကြ၏။ ထိုကြောင့်၊ သူတို့၌ ငါ့ဒေါသစိတ်ပြေမည်အကြောင်း၊ အဲဂုတ္တုပြည်ထဲမှာ သူတို့အပေါ်သို့ ငါ့အမျက်အရှိန်ကို သွန်းလောင်းမည်ဟု ငါအကြံရှိ၏။