ရွှေငွေနှင့် လှပစွာ ချယ်လှယ်ပြီးလျှင်၊ မလှုပ်ရှားစေခြင်းငှာ သံချွန်ကို တူနှင့်ရိုက်ထားကြ၏။
သူတို့၏ရုပ်တုများမူကား ငွေလည်းဖြစ်၏။ ရွှေလည်းဖြစ်၏။ လူလက်ဖြင့် လုပ်သောအရာပေတည်း။
သာသနာပလူတို့ကိုးကွယ်သော ရုပ်တုတို့ကား ငွေလည်းဖြစ်၏။ ရွှေလည်းဖြစ်၏။ လူလက်ဖြင့် လုပ်သောအရာပေတည်း။
ပန်းပဲသမားသည် ပုဆိန်ကိုလုပ်ခြင်းငှာ မီးခဲ၌ဖုတ်၍၊ လက်ရုံးအားထုတ်လျက် သံတူနှင့်ထုတတ်၏။ အကယ်၍ မွတ်သိပ်သောအခါ အားလျော့တတ်၏။ ရေမသောက်ရသောအခါ မောတတ်၏။
ရွှေကို အိတ်ထဲကများစွာထုတ်လျက်၊ ငွေကိုလည်း ချိန်ခွင်နှင့်ချိန်လျက်၊ ပန်းထိမ်သမားကိုငှား၍ ဘုရားကို လုပ်စေပြီးမှ၊ ပျပ်ဝပ်ကိုးကွယ်ကြသည် တကား။
ထိုဘုရားကို ပခုံးပေါ်မှာထမ်း၍ ဆောင်သွားသဖြင့် သူ့နေရာ၌ ထားကြ၏။ သူသည်လည်း မတ်တတ်နေ၏။ သူ၏နေရာမှ သူမရွှေ့နိုင်။ သူ့ကို အော်ဟစ်သော်လည်း၊ သူသည်မထူး။ ဒုက္ခဆင်းရဲထဲက မကယ်မနုတ်နိုင်။
ယခုမှာ အထပ်ထပ်ပြစ်မှား၍ ကိုယ်ဉာဏ်ပညာအားဖြင့် အရည်သွန်းသော ငွေရုပ်တု၊ ဆရာသမား လုပ်တတ်သော ရုပ်တုဆင်းတုများကို ကိုယ်အဖို့ လုပ်ကြ၏။ လုပ်ပြီးမှ ယဇ်ပူဇော်သောသူသည် နွားသငယ်ကို နမ်းစေဟု ဆိုတတ်ကြ၏။
သစ်သားအား၊ နိုးတော်မူပါဟူ၍လည်းကောင်း၊ စကားအသော ကျောက်အား၊ ထတော်မူပါ ဟူ၍လည်းကောင်း ဆိုသောသူသည် အမင်္ဂလာရှိ၏။ ထိုအရာသည် သွန်သင်လိမ့်မည်လော။ ရွှေငွေနှင့် မွမ်းမံလျက်ရှိ၏။ အတွင်း၌ အသက်အလျှင်းမရှိပါတကား။