သင့်အထက်၊ မိုးကောင်းကင်၌ ထွန်းလင်းသောအလင်းအိမ် အလုံးစုံတို့ကို မိုက်စေ၍၊ သင့်ပြည်ကို မှောင်မိုက်နှင့် ဖုံးလွှမ်းမည်။
တစ်ဖန်ဘုရားသခင်က၊ နေ့နှင့်ညကို ပိုင်းခြားစေခြင်းငှာ မိုးကောင်းကင်မျက်နှာကြက်၌ အလင်းအိမ်တည်စေ။ နိမိတ်လက္ခဏာ၊ ချိန်းချက်သောအချိန်၊ နေ့ရက်အပိုင်းအခြား၊ နှစ်အပိုင်းအခြားဖို့ဖြစ်စေ။
နေကိုမှာထားတော်မူ၍ သူသည်မထွက်ရ။ ကြယ်တို့ကိုလည်း ကွယ်ထားတော်မူ၏။
မောရှေသည် မိမိလက်ကိုမိုးကောင်းကင်သို့ဆန့်၍၊ အဲဂုတ္တုပြည်တစ်လျှောက်လုံး၌ ထူထပ်သောမှောင်မိုက်သည် သုံးရက်ပတ်လုံး ဖြစ်လေ၏။
အကြင်သူသည် မိဘကိုကျိန်ဆဲ၏။ ထိုသူ၏မီးခွက်သည် ထူထပ်သော မှောင်မိုက်၌ သေလိမ့်မည်။
နေနှင့် အလင်း၊ လနှင့် ကြယ်တို့သည် ကွယ်၍မိုးရွာပြီးမှ၊ အထပ်ထပ်ရွာတတ်သောကာလမရောက်မီ အောက်မေ့လော့။
မိုးကောင်းကင်ကြယ်နက္ခတ်တို့သည် အလင်းကိုမပေး။ နေသည်လည်း ထွက်သောအခါမိုက်လျက်၊ လသည်လည်း မထွန်းမလင်းဘဲလျက် ရှိလိမ့်မည်။
ခပ်သိမ်းသော ကောင်းကင်တန်ဆာတို့သည် ပြုတ်၍၊ မိုးကောင်းကင်သည် စာလိပ်ကဲ့သို့ လိပ်လျက်ရှိလိမ့်မည်။ စပျစ်နွယ်ပင်မှ အရွက်ကျသကဲ့သို့လည်းကောင်း၊ သင်္ဘောသဖန်းပင်မှ အသီးကျသကဲ့သို့လည်းကောင်း၊ ခပ်သိမ်းသော ကောင်းကင်တန်ဆာတို့သည် ကျကြလိမ့်မည်။
သူတို့ရှေ့မှာ မြေကြီးလှုပ်လိမ့်မည်။ မိုးကောင်းကင်လည်း တုန်ခိုက်လိမ့်မည်။ နေနှင့် လသည် မိုက်၍၊ ကြယ်တို့သည် မထွန်းလင်းဘဲ နေကြလိမ့်မည်။
ထိုနေ့ရက်၌ အလင်းမရှိ၊ မြတ်သောအရာတို့သည် ယုတ်လျော့လိမ့်မည်။