ဗာလမ်၏စကားကို ငါနားမထောင်သောကြောင့်၊ သူသည် အထပ်ထပ်ကောင်းချီးပေး၍ သူ့လက်မှ သင်တို့ကို ငါကယ်လွှတ်လေ၏။
သင့်တစ်ဖက်၌ လုပ်သောလက်နက်တစ်စုံတစ်ခုမျှ အထမမြောက်ရ။ သင့်ကို တရားတွေ့သောသူ မည်သည်ကား၊ အရှုံးခံရလိမ့်မည်။ ထာဝရဘုရား၏ ကျွန်တို့သည် ထိုသို့သော အမွေကိုခံရ၍၊ ငါ့ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
အို ငါ၏လူမျိုး၊ ရှိတ္တိမ်မြို့နှင့် ဂိလဂါလမြို့ စပ်ကြားမှာ မောဘမင်းကြီး ဗာလက်ကြံစည်သော အကြံကိုလည်းကောင်း၊ ဗောရသား ဗာလမ်ပြန်ပြောသော စကားကိုလည်းကောင်း အောက်မေ့လော့။ ထိုသို့ အောက်မေ့မိလျှင်၊ ထာဝရဘုရား၏ဖြောင့်မတ်တော်မူခြင်းကို နားလည်လိမ့်မည်။
ထာဝရဘုရား၏ ကောင်းကင်တမန်က၊ သူတို့နှင့်အတူ လိုက်လော့။ သို့ရာတွင် ငါမှာထားသောစကားကိုသာ ဟောပြောရမည်ဟု ဗာလမ်အား မိန့်တော်မူသည်အတိုင်း၊ သူသည် ဗာလက်မင်း၏ကျွန်တို့နှင့်အတူ လိုက်သွားလေ၏။
သို့ရာတွင် သင်၏ဘုရားသခင် ထာဝရဘုရားသည် ဗာလမ်စကားကို နားမထောင်။ သင့်ကိုချစ်သောကြောင့် ကျိန်ဆဲခြင်းကို သင်၌ ကောင်းချီးမင်္ဂလာ ဖြစ်စေတော်မူ၏။
တစ်ဖန် သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ယေရိခေါမြို့သို့ ရောက်ကြသောအခါ၊ ယေရိခေါလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ခါနနိလူ၊ ဟိတ္တိလူ၊ ဂိရဂါရှိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့သည် သင်တို့ကိုစစ်တိုက်၍ သူတို့ကို သင်တို့လက်၌ ငါအပ်လေ၏။