သေခြင်းသို့လည်းကောင်း၊ အသက်ရှင်သောသူခပ်သိမ်းတို့အဖို့ စီရင်သောနေရာသို့လည်းကောင်း၊ အကျွန်ုပ်ကို ပို့ဆောင်တော်မူမည်ဟု အကျွန်ုပ်သိပါ၏။
သင်ထွက်ရာမြေသို့မပြန်မီတိုင်အောင်၊ သင်၏မျက်နှာမှချွေးထွက်လျက် အစာကိုစားရမည်။ အကြောင်းမူကား၊ သင်သည်မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်ရမည်ဟု မိန့်တော်မူ၏။
ငါတို့သည် သေအံ့သောသူ ဖြစ်ကြ၏။ မြေပေါ်မှာသွန်ပြီးလျှင် နောက်တစ်ဖန်ကျုံး၍ မယူနိုင်သောရေနှင့် တူကြပါ၏။ ဘုရားသခင်သည် လူမျက်နှာကို မထောက်သော်လည်း၊ နှင်ထုတ်ခြင်းကိုခံရသောသူသည် အစဉ်နှင်ထုတ်ခြင်းကိုခံ၍ မနေရမည်အကြောင်း ကြံစည်တော်မူ၏။
အကျွန်ုပ်တစ်ကိုယ်လုံးကို လက်တော်နှင့် စေ့စပ်စွာ ဖန်ဆင်းတော်မူသည်ဖြစ်၍၊ ယခု ဖျက်ဆီးတော်မူမည်လော။
လူ၏နေ့ရက်တို့ကို မှတ်သား၍၊ သူနေရသော လအရေအတွက်ကို ကိုယ်တော်သည်သိသဖြင့်၊ သူမလွန်နိုင်သော အပိုင်းအခြားကို ထားတော်မူသောကြောင့်၊
သူသည် ချိုင့်မြေစိုင်တို့ကို ချိုနိုးထင်လိမ့်မည်။ မရေတွက်နိုင်အောင် များစွာသောသူတို့သည် သူ့ရှေ့၌ သွားနှင့်သကဲ့သို့၊ သူသည် လူခပ်သိမ်းတို့ကို မိမိနောက်၌ သွေးဆောင်လိမ့်မည်။
ထိုအရပ်၌ ကြီးသောသူနှင့် ငယ်သောသူရှိကြ၏။ ကျွန်သည်လည်း သခင်လက်နှင့် လွတ်ရ၏။
ငါပြောအံ့သောစကားတစ်ချက်ဟူမူကား၊ ဘုရားသခင်သည် စုံလင်သောသူတို့ကိုလည်းကောင်း၊ ဆိုးညစ်သောသူတို့ကိုလည်းကောင်း ဖျက်ဆီးတော်မူတတ်၏။
နာမ်ဝိညာဉ်ကိုအစိုးရ၍ ချုပ်ထားနိုင်သောလူ တစ်ယောက်မျှမရှိ။ သေချိန်ရောက်သောအခါ တန်ခိုးမရှိ။ ထိုစစ်မှုထဲက ထွက်စရာအခွင့် မရှိ။ ဒုစရိုက်ကိုပြုသော်လည်း၊ ဒုစရိုက်သည် ထိုအမှုထဲက မကယ်မနုတ်နိုင်။
အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား၊ အဘယ်အရာကိုမျှမသိ။ အကျိုးအပြစ်ကိုလည်း မခံရ။ သူ့ကိုလည်း မေ့လျော့တတ်ကြ၏။
လူသည် တစ်ခါတည်းသေ၍ ထိုနောက်မှ တရားစီရင်တော်မူခြင်းကို ခံရသကဲ့သို့၊-
ငါသော်ကား၊ မြေသားအပေါင်းတို့သွားရာလမ်းသို့ ယနေ့သွားလုပြီ။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့အဖို့ မိန့်တော်မူသော ကောင်းကျိုးတစ်စုံတစ်ပါးမျှ မယုတ်မလျော့၊ အကုန်အစင်ပြည့်စုံကြောင်းကို သင်တို့သည် စိတ်နှလုံးထဲမှာ သိကြ၏။