သင်သည် အနန္တတန်ခိုးရှင်၌ မွေ့လျော်၍၊ ဘုရားသခင်ကို ဖူးမြော်ရသောအခွင့်ရှိလိမ့်မည်။
အညစ်အကြေးနှင့်ကင်းလွတ်သော မျက်နှာကို ပြရလိမ့်မည်။ စိုးရိမ်စရာအကြောင်းမရှိ၊ တည်ကြည်လိမ့်မည်။
သင်၏အသက်သည် မွန်းတည့်အရောင်ထက် ထွန်းလင်းလိမ့်မည်။ ယခုမှောင်မိုက်သော်လည်း နံနက်ကဲ့သို့လင်းလိမ့်မည်။
ထိုအခါ အနန္တတန်ခိုးရှင်သည် သင်၌ရွှေရတနာ၊ သင်သုံးရသော ငွေဘဏ္ဍာဖြစ်တော်မူလိမ့်မည်။
ထိုသူသည် အနန္တတန်ခိုးရှင်၌ မွေ့လျော်လိမ့်မည်လော။ ဘုရားသခင်ကို အစဉ်ပတ္ထနာပြုလိမ့်မည်လော။
ဘုရားသခင်ကို ဆုတောင်း၍ ကျေးဇူးတော်ကို ခံရသဖြင့်၊ ဝမ်းမြောက်သောစိတ်နှင့် မျက်နှာတော်ကို ဖူးမြင်ရလိမ့်မည်။ ဖြောင့်မတ်ခြင်းအကျိုးကို လူတို့အား ဘုရားသခင်ပေးတော်မူတတ်၏။
လူသည် ဘုရားသခင်၌ မွေ့လျော်၍၊ အကျိုးမရှိဟု ယောဘသည် ဆိုမိပြီ။
အကျွန်ုပ်သည် ပညတ်တော်အလုံးစုံတို့ကို ထောက်ထားသောအခါ၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ရပါ၏။
ကရုဏာတော်စကားသံကို အလျင်အမြန် ကြားစေတော်မူပါ။ ကိုယ်တော်၌ ကိုးစားပါ၏။ ကိုယ်သွားရမည်လမ်းကို သိစေတော်မူပါ။ ကိုယ်တော်ကို အကျွန်ုပ်တသပါ၏။
အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်တသလျက်နေပါ၏။
ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိလော့။ သို့ပြုလျှင်၊ စိတ်နှလုံးအလို ပြည့်စုံရသောအခွင့်ကို ပေးတော်မူမည်။
အို ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်တသပါသည်ဖြစ်၍၊ ကိုယ်တော်၏ကျွန်သည် ဝမ်းမြောက်မည်အကြောင်း ပြုတော်မူပါ။
တောပင်စုထဲမှာ ရှောက်ချိုပင်ကဲ့သို့ ငါချစ်ရာသခင်သည် လူမျိုးသားစုထဲမှာ ဖြစ်တော်မူ၏။ ငါသည် သူ၏အရိပ်ဝယ် ပျော်မွေ့နေထိုင်၍၊ မြိန်စွာသောအသီးကို စားရ၏။
သင်သည် ထာဝရဘုရား၌ ပျော်မွေ့ရလိမ့်မည်။ မြေကြီးပေါ်မှာ မြင့်သောအရပ်တို့ကို ငါစီးစေ၍၊ သင့်အဘယာကုပ်၏ အမွေဥစ္စာနှင့် ငါကျွေးမည်ဟု ထာဝရဘုရား၏နှုတ်တော်ထွက်အမိန့်တော် ရှိ၏။
ငါသည် အတွင်းလူအားဖြင့် ဘုရားသခင်၏ ပညတ်တရားတော်ကို နှစ်သက်၏။-
ငါတို့သည် ပညတ်တော်တို့ကို စောင့်ရှောက်၍၊ နှစ်သက်တော်မူသောအကျင့်တို့ကို ကျင့်သောကြောင့်၊ ဆုတောင်းသမျှတို့ကို ဘုရားသခင့် ထံတော်မှရကြ၏။-