မြေပေါ်မှာသူ့ကို အောက်မေ့စရာအမှတ်ပျောက်ပျက်၍၊ ပွဲသဘင်၌ သူ၏နာမကို အဘယ်သူမျှ မခေါ်မပြော။
သင်တို့၏ နည်းဥပဒေသစကားသည် မြေမှုန့်ထက် သာ၍ပေါ့၏။ သင်တို့ ခိုလှုံသောမြို့ရိုးသည်လည်း သရွတ်မြို့ရိုးကဲ့သို့ ဖြစ်၏။
သူ၏အမိသည် သူ့ကိုမေ့လျော့၍၊ တီကောင်တို့သည် မြိန်စွာ စားလိမ့်မည်။ နောက်တစ်ဖန် အဘယ်သူမျှ မအောက်မေ့ရ။ မတရားသောသူသည် သစ်ပင်ကဲ့သို့ ကျိုးရလိမ့်မည်။
သူ၏အနွယ်သည် ပြတ်ပါစေ။ လူမျိုးဆင်းသက်၍ တစ်ဆက်တည်းတွင်၊ သူတို့၏နာမည်သည် ကျေပျောက်ပါစေ။
ထိုဒုစရိုက်အပြစ်သည် ထာဝရဘုရားရှေ့မှာ အစဉ်အမြဲထင်ရှား၍၊ မြေကြီးပေါ်မှာ ထိုသူတို့ကို အောက်မေ့စရာ အမှတ်မျှမရှိစေခြင်းငှာ၊ ပယ်ရှင်းတော်မူပါစေ။
ဒုစရိုက်ကိုပြုသောသူတို့ကား၊ မြေကြီးပေါ်မှာ အောက်မေ့စရာ အမှတ်မျှမရှိစေခြင်းငှာ ပယ်ရှင်းမည်အကြောင်း၊ ထာဝရဘုရားသည် မျက်နှာထားတော်မူ၏။
ငါ့ရန်သူတို့က၊ သူသည်သေ၍ သူ၏နာမသည် အဘယ်ကာလမှ တိမ်မြုပ်လိမ့်မည်နည်းဟု ငါ့ကိုမနာလို၍ ဆိုတတ်ကြ၏။
ဣသရေလ၏နာမကို နောက်တစ်ဖန် အောက်မေ့စရာမရှိစေခြင်းငှာ လာကြ၊ သူတို့အမျိုးကို ပယ်ဖြတ်ကြကုန်အံ့ဟု ဆိုကြပါ၏။
ရန်သူတို့သည် အကုန်အစင် ပျက်စီးခြင်းသို့ ရောက်ကြပါပြီ။ မြို့တို့ကို ဖြိုဖျက်တော်မူ၍၊ သူတို့အမှတ်မျှမရှိ ပျောက်ပါပြီ။
တရားသောသူကို အောက်မေ့သောအခါ ကောင်းချီးပေးတတ်၏။ မတရားသောသူ၏ နာမမူကားပုပ်ပျက်တတ်၏။
အဓမ္မလူတို့မူကား၊ ပြည်တော်မှပယ်ရှင်းခြင်း၊ လွန်ကျူးသောသူတို့သည် နုတ်ပစ်ခြင်းကို ခံရကြလိမ့်မည်။
သူတစ်ပါးတို့နှင့် ရောနှော၍ သင်္ဂြိုဟ်ခြင်းကိုမခံရ။ အကြောင်းမူကား၊ မိမိပြည်ကို ဖျက်ဆီးပြီ။ မိမိအမျိုးသားချင်းတို့ကို သတ်လေပြီ။ အဓမ္မပြုသောသူတို့၏အနွယ်သည် ဂုဏ်အသရေအလျှင်းမရှိရဟု ပြောဆိုကြလိမ့်မည်။
ထိုသခင်တို့သည် သေကြပါပြီ။ တစ်ဖန် အသက်မရှင်ရကြပါ။ သင်္ချိုင်းသားဖြစ်၍ ထမြောက်ခြင်း မရှိရကြပါ။ သူတို့ကို ကြည့်ရှုဖျက်ဆီး၍၊ သူတို့၏အမှတ်မျှ မရှိစေခြင်းငှာ ပယ်ရှင်းတော်မူပြီ။
သင်၏အမှု၌ ထာဝရဘုရား စီရင်တော်မူသည်ကား၊ သင်၏အမျိုး မဆက်မနွယ်ရ။ ထုသောရုပ်တုနှင့် သွန်းသော ရုပ်တုတို့ကို သင်၏ဘုရားကျောင်းမှ ငါပယ်ရှင်းမည်။ သင်သည် ယုတ်မာသောကြောင့် သင်၏သင်္ချိုင်းကို ငါလုပ်မည်။