ဗျာဒိတ် 5:6Judson Bibleထိုအခါ ပလ္လင်တော်မှစသော သတ္တဝါလေးပါးနှင့် အသက်ကြီး သူတို့အလယ်၌၊ အသေသတ်ပြီးသကဲ့သို့သော သိုးသငယ်သည် ရပ်လျက်ရှိသည်ကို ငါမြင်၏။ ထိုသိုးသငယ်သည် မြေကြီးတစ်ပြင်လုံး၌ လွှတ်သော ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးတည်းဟူသော မျက်စိခုနစ်လုံးနှင့် ချိုခုနစ်ချောင်းရှိ၏။- အခန်းကိုကြည့်ပါ။ |
အို ဇိအုန်သတို့သမီး၊ ထ၍ နယ်လော့။ သင့်ဦးချိုကို သံဖြင့်လည်းကောင်း၊ သင့်ခွာတို့ကို ကြေးဝါဖြင့်လည်းကောင်း ငါပြီးစေမည်။ သင်သည် လူမျိုးများတို့ကို ညက်ညက်ချေရမည်။ သူတို့တွင်ရသမျှသော စည်းစိမ်ဥစ္စာကိုယူ၍၊ မြေတစ်ပြင်လုံးကို အစိုးပိုင်တော်မူသော အရှင်ထာဝရဘုရားအား ပူဇော်ရမည်။
အမှုငယ်ပြုသော နေ့ရက်ကို အဘယ်သူသည် မထီမဲ့မြင် ပြုရသနည်း။ ချိန်ကြိုးသည် ဇေရုဗဗေလလက်၌ ရှိသည်ကို ထိုခုနစ်ပါးတို့သည် မြင်၍ ဝမ်းမြောက်ကြလိမ့်မည်။ ထိုခုနစ်ပါးတို့ကား၊ မြေကြီးတစ်ပြင်လုံးတွင် တောင်မြောက်ပြေးတတ်သော၊ ထာဝရဘုရား၏မျက်စိတော်များ ဖြစ်သတည်းဟု မိန့်တော်မူ၏။
ထိုသတ္တဝါလေးပါးတို့၏ ကိုယ်ပတ်ဝန်းကျင်၌၊ တစ်ပါးတစ်ပါးလျှင် အတောင်ခြောက်ခုစီရှိ၍၊ အတွင်း၌ မျက်စိနှင့်ပြည့်ကြ၏။ သူတို့ကလည်း၊ အနန္တတန်ခိုးနှင့် ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော ထာဝရအရှင်ဘုရားသခင်သည် သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏ဟု နေ့ညမပြတ် ငြိမ်၍မနေဘဲ ပြောဆိုကြ၏။-
ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၊ သမုဒ္ဒရာအထဲ၊ အရပ်ရပ်တို့၌ ရှိရှိသမျှသော ဝေနေယျသတ္တဝါ အပေါင်းတို့က၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူနှင့် သိုးသငယ်သည် ကမ္ဘာအဆက်ဆက် ကောင်းချီးမင်္ဂလာ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ အစွမ်းသတ္တိရှိတော်မူစေသတည်းဟု ပြောဆိုကြသည်ကို ငါကြားလေ၏။-
ထာဝရဘုရားသည် ရန်သူတို့ကို ချိုးဖဲ့တော်မူမည်။ သူတို့အပေါ်၌ မိုးကောင်းကင်မှ မိုးချုန်းစေတော်မူမည်။ ထာဝရဘုရားသည် မြေကြီးစွန်းတိုင်အောင် တရားစီရင်သဖြင့်၊ ခန့်ထားတော်မူသော ရှင်ဘုရင်ကို ခွန်အားနှင့်ပြည့်စုံစေ၍ အထံတော်၌ ဘိသိက်ခံသောသူကို ချီးမြှောက်တော်မူမည်ဟု မြွက်ဆို၏။