တစ်ဖန်မောရှေက၊ နားထောင်ကြလော့။ ထာဝရဘုရားသည် ယုဒအမျိုးသားဟုရ၏သားဖြစ်သော ဥရိ၏သားဗေဇလေလကိုအမည်ဖြင့် ခန့်ထားတော်မူပြီ။
သူသည် ရွှေငွေကြေးဝါကိုလုပ်သောအတတ်၊ ကျောက်ကိုသွေး၍စီသောအတတ်၊ သစ်သားကို ထုလုပ်သောအတတ်နှင့် အမျိုးမျိုးသောအလုပ်ကို ထူးဆန်းစွာလုပ်တတ်မည်အကြောင်း၊ ဉာဏ်ပညာနှင့်တကွ သိပ္ပံအတတ်အမျိုးမျိုးကိုပေး၍၊ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံစေတော်မူပြီ။
အကြောင်းမူကား၊ သူ၏ဘုရားသခင်သည် စီရင်တတ်သော ဉာဏ်ကိုပေးတော်မူ၏။ သူ့ကိုလည်း သွန်သင်တော်မူ၏။
ဤအခွင့်ရှိသမျှတို့ကို တစ်ပါးတည်းသော ဝိညာဉ်တော်သည် ပြုပြင်၍ လူအသီးအသီးတို့အား အသီးအသီး ခံရသောအခွင့်ကို အလိုတော်ရှိသည်အတိုင်း ဝေငှ၍ ပေးတော်မူ၏။
ဆုကျေးဇူးတော် အထူးထူးအထွေထွေ ရှိငြားသော်လည်း ဝိညာဉ်တော်တစ်ပါးတည်း ရှိ၏။-
ဘုရားသခင်၏ကျေးဇူးတော်ကို ငါခံရသည်နှင့်အညီ၊ လိမ္မာသော ဗိသုကာကဲ့သို့ တိုက်မြစ်ကိုချပြီ။ အခြားသောသူသည် ထပ်ဆင့်၍ တည်ဆောက်လေ၏။ သို့ရာတွင်၊ အဘယ်သို့ ထပ်ဆင့်၍ တည်ဆောက်သည်ကို လူတိုင်းသတိပြုပါစေ။-
ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှတို့သည် အလင်းတို့၏ အဘထံတော်က သက်ရောက်သည်ဖြစ်၍၊ အထက်အရပ်မှ လာကြ၏။ ထိုအဘသည် ရွေ့လျော့တိမ်းယိမ်းခြင်းမရှိ၊ ပြောင်းလဲခြင်းအရိပ်နှင့် ကင်းလွတ်တော်မူ၏။-