ယခုထ၍ ဇေရက်ချောင်းကိုကူးကြလော့ဟု မိန့်တော်မူသည်အတိုင်း၊ သင်တို့သည် ဇေရက်ချောင်းကို ကူးကြ၏။
ဧရှကောလချိုင့်သို့ရောက်လျှင် အသီးတစ်ပြွတ်ပါသော စပျစ်နွယ်ပင် အခက်တစ်ခက်ကိုခုတ်၍ လူနှစ်ယောက်တို့သည် ထမ်းပိုးနှင့်ထမ်းကြ၏။ သလဲသီး၊ သင်္ဘောသဖန်းသီးများကိုလည်း ဆောင်ခဲ့ကြ၏။
ထိုအရပ်မှပြောင်း၍၊ ဇာရက်ချောင်းနား၌ စခန်းချကြ၏။
ထိုအရပ်မှတစ်ဖန် ပြောင်းပြန်၍၊ အာမောရိပြည်နယ်နှင့်စပ်သော တော၌ရှိသော အာနုန်ချောင်းနားတစ်ဖက်တစ်ချက်၌ စခန်းချကြ၏။ အာနုန်ချောင်းကား၊ မောဘပြည်၊ အာမောရိပြည်စပ်ကြား အပိုင်းအခြားဖြစ်သတည်း။
ရှေးကာလ၌ ဟောရိလူတို့သည်လည်း စိရပြည်မှာနေကြ၏။ ထိုသူတို့ကို ဧသောအမျိုးသားတို့သည် သုတ်သင်ပယ်ရှင်း၍ သူတို့နေရာ၌နေကြ၏။ ထိုအတူ ထာဝရဘုရား အပိုင်ပေးတော်မူသောပြည်ကို ဣသရေလအမျိုးသားတို့သည် ပြုရကြသတည်း။
ကာဒေရှဗာနာအရပ်သို့ အရင်ရောက်သောကာလမှစ၍ ဇေရက်ချောင်းကို ကူးသောကာလတိုင်အောင် နှစ်ပေါင်းသုံးဆယ်ရှစ်နှစ် လွန်သတည်း။ ထာဝရဘုရား ကျိန်ဆိုတော်မူသည်အတိုင်း၊ အရင်စစ်သူရဲမျိုးအပေါင်းတို့သည် လူအလုံးအရင်းထဲက သေကြေကွယ်ပျောက်ရကြ၏။