Biblia Todo Logo
La Biblia Online
- Anuncios -


ဇာ​ခ​ရိ 11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​


အစ္စရေးလူမျိုး၏သိုးထိန်း (ကောင်းသောသိုးထိန်းနှင့်မိုက်မဲသောသိုးထိန်း)

1 အို လက်ဘနွန်​တောင်​၊ သင့်​တံခါး​တို့​ကို ဖွင့်​လော့​။ သင်​၏​သစ်ကတိုးပင်​များ မီး​လောင်ကျွမ်း​ပါစေ​။

2 အို ထင်းရှူးပင်​၊ ညည်းတွား​လော့​။ အကြောင်းမူကား သစ်ကတိုးပင် လဲကျ​၍ ကျက်သရေဆောင်​သစ်ပင်​တို့ ပျက်စီး​ကုန်​ပြီ​။ အို ဗာရှန်​ဝက်သစ်ချပင်​တို့​၊ ညည်းတွား​ကြ​လော့​။ အကြောင်းမူကား ထူထပ်​သော​သစ်တော​ကြီး ပြုန်းတီး​သွား​လေ​ပြီ​။

3 အသရေ​ဖျက်ဆီး​ခံရ​သောကြောင့် သိုးထိန်း​တို့​၏​မြည်တမ်းသံ​ကို ကြား​ရ​လေ​ပြီ​။ ဂျော်ဒန်​တောအုပ်ကြီး​ဖျက်ဆီး​ခံရ​သောကြောင့် ခြင်္သေ့ပျို​တို့​၏​ဟိန်းသံ​ကို ကြား​ရ​လေ​ပြီ​။

4 ငါ​၏​ဘုရားသခင်​ထာဝရဘုရား​က “အသတ်​ခံရ​တော့မည့်​သိုး​တို့​ကို ထိန်းကျောင်း​လော့​။

5 ထို​သိုး​တို့​ကို ဝယ်ယူ​ထား​သော​သူ​တို့​သည် ထို​သိုး​တို့​ကို သတ်ဖြတ်​သော်လည်း အပြစ်ဒဏ်​မ​ခံရ​။ ရောင်း​သူ​တို့​က​လည်း ‘ငါ​ချမ်းသာ​ပြီ​ဖြစ်၍ ထာဝရဘုရား​ကို ချီးမွမ်း​ပါ​၏’​ဟု ဆို​ကြ​၏​။ သိုးထိန်း​တို့​သည်​လည်း ထို​သိုး​တို့​ကို မ​သနား​ကြ”​ဟု မိန့်​တော်မူ​၏​။

6 တစ်ဖန် ထာဝရဘုရား​က “​ဤ​ပြည်​ရှိ ပြည်သူပြည်သား​တို့​ကို ငါ​သနား​တော့​မည်​မ​ဟုတ်​။ ကြည့်ရှု​လော့​။ လူ​အသီးသီး​တို့​ကို သူ​တို့​၏​အိမ်နီးချင်း​လက်​သို့​လည်းကောင်း​၊ သူ​တို့​၏​ရှင်ဘုရင်​လက်​သို့​လည်းကောင်း ငါ​အပ်​မည်​။ ထို​သူ​တို့​သည် ဤ​ပြည်​ကို​ချေမှုန်းတိုက်ဖျက်​ကြ​မည်​ဖြစ်​သော်လည်း ထို​သူ​တို့​လက်​မှ ငါ​ကယ်တင်​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။

7 ထို့ကြောင့် အသတ်​ခံရ​တော့မည့်​သိုးအုပ်​၊ အဖိနှိပ်​ခံရ​သော​သိုးအုပ်​တို့​ကို ငါ​ထိန်းကျောင်း​၏​။ ငါ​သည် ကျေးဇူး​တော်​တောင်ဝှေး​နှင့် စည်းလုံး​ခြင်း​တောင်ဝှေး​ဟု​ခေါ်​သော တောင်ဝှေး​နှစ်​ချောင်း​ကို​ယူ​၍ သိုးအုပ်​ကို ထိန်းကျောင်း​၏​။

8 တစ်​လ​တည်း​တွင် သိုးထိန်း​သုံး​ဦး​ကို ငါ​ဖယ်ရှား​ပစ်​၏​။ ငါ​သည် သူ​တို့​ကို သည်းမခံ​နိုင်​။ သူ​တို့​သည်​လည်း ငါ့​ကို မုန်း​ကြ​၏​။

9 ထို့နောက် ငါ​က “​သင်​တို့​ကို ငါ​ထိန်းကျောင်း​တော့​မည်​မ​ဟုတ်​။ သေ​မည့်​အကောင်​လည်း သေ​ပါစေ​။ အသတ်​ခံရ​မည့်​အကောင်​လည်း အသတ်​ခံရ​ပါစေ​။ ကျန်​သော​အကောင်​တို့​သည်​လည်း အချင်းချင်း​၏​အသား​ကို ကိုက်စား​ကြ​ပါစေ​”​ဟု ဆို​ပြီးလျှင်

10 လူမျိုး​တကာ​နှင့်​ဖွဲ့​ခဲ့​သော​ပဋိညာဉ်​ကို ပယ်ဖျက်​ရန် ငါ​သည် ကျေးဇူး​တော်​တောင်ဝှေး​ကို ယူ​၍ ချိုး​ပစ်​၏​။

11 ထို​နေ့​တွင်​ပင် ပဋိညာဉ်​သည် ကျိုးပျက်​သွား​၏​။ ဤ​အရာ​သည် ထာဝရဘုရား​၏​စကား​တော်​ဖြစ်ကြောင်း အဖိနှိပ်​ခံရ​၍ ငါ့​ကို​စောင့်စား​နေ​သော​သိုးအုပ်​များ သိ​ကြ​၏​။

12 ထို့နောက် ငါ​က သူ​တို့​အား “ငါ့​အား လုပ်အားခ​ပေး​သင့်​သည်​ဟု​ထင်​လျှင် ပေး​လော့​။ မ​ပေး​လို​လျှင်​လည်း မပေး​နှင့်”​ဟု ဆို​လျှင် သူ​တို့​သည် လုပ်အားခ​အဖြစ် ငွေစ​သုံးဆယ်​ကို ချိန်တွယ်​ပေး​ကြ​၏​။

13 ထိုအခါ ထာဝရဘုရား​က “​ငါ့​ကို အဖိုးဖြတ်​သော​ငွေ များ​လှ​သည်​တကား​။ ထို​ငွေ​ကို အိုးထိန်းသည်​ထံ ပစ်လိုက်​ပါ​”​ဟု မိန့်​တော်မူ​သည့်​အတိုင်း ငွေစ​သုံးဆယ်​ကို​ယူ​၍ ထာဝရဘုရား​၏​အိမ်​တော်​ရှိ အိုးထိန်းသည်​ထံ ငါ​ပစ်ချ​ပေး​လေ​၏​။

14 ထို့နောက် ယုဒ​လူမျိုး​နှင့် အစ္စရေး​လူမျိုး​ကြား ညီအစ်ကို​တော်စပ်မှု​ကို ပယ်ဖျက်​ရန် ဒုတိယ​တောင်ဝှေး​ဖြစ်​သော “စည်းလုံး​ခြင်း​တောင်ဝှေး”​ကို ငါ​ချိုး​ပစ်​၏​။

15 ထာဝရဘုရား​က ငါ့​အား “​မိုက်မဲ​သော​သိုးထိန်း​၏​အသုံးအဆောင်​ကို နောက်တစ်ဖန် ယူ​လော့​။

16 အကြောင်းမူကား ငါ​သည် ထို​ပြည်​တွင် သိုးထိန်း​တစ်​ဦး​ကို ပေါ်ထွန်း​စေ​မည်​။ သူ​သည် ပျောက်​သော​သိုး​တို့​ကို ဂရု​မ​စိုက်​၊ သိုးသငယ်​တို့​ကို မ​ရှာဖွေ​၊ ဒဏ်ရာ​ရ​သော​သိုး​တို့​ကို​လည်း ဆေး​မ​ကု​၊ ဆာလောင်​သော​သိုး​တို့​ကို​လည်း မ​ကျွေးမွေး​ဘဲ ဆူဖြိုး​သော​သိုး​တို့​ကို​မူ ခွာ​ကို​ချွတ်ပစ်​ပြီး အသား​ကို စား​လိမ့်မည်​။

17 သိုး​တို့​ကို​ပစ်ထား​သည့် အသုံးမကျ​သော​သိုးထိန်း​သည် အမင်္ဂလာ​ရှိ​၏​။ သူ​၏​လက်မောင်း​နှင့် သူ​၏​ယာဘက်​မျက်လုံး​သည် ဓား​ထိုး​ခံရ​၍ သူ့​လက်မောင်း​သည် အကြောသေ​ပြီး ယာဘက်​မျက်လုံး​သည် ကွယ်သွား​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

Global Bible Initiative
Síguenos en:



Anuncios


¡Síguenos en WhatsApp! Síguenos