Biblia Todo Logo
Bìoball air-loidhne

- Sanasan -

Luke 21 - Musselmani Burmese

1 ထို့နောက် ကိုယ်တော်သည် မျှော်ကြည့်၍ ချမ်းသာသောသူတို့သည် အလှူဘဏ္ဍာတိုက်ထဲသို့ အလှူငွေများ ထည့်ဝင်နေကြသည်ကို မြင်တော်မူလေ၏။

2 ဆင်းရဲသော မုဆိုးမတစ်ဦးသည်လည်း တန်ဖိုးအနည်းဆုံးဖြစ်သော ကြေးနီဒင်္ဂါးနှစ်ပြားကို အလှူဘဏ္ဍာတိုက်ထဲသို့ ထည့်နေသည်ကို မြင်တော်မူ၏။

3 ထိုအခါ ကိုယ်တော်က “သင်တို့အား ငါအမှန်ဆိုသည်ကား ဤဆင်းရဲနွမ်းပါးသောမုဆိုးမသည် အခြားသူများအားလုံးထက် သာ၍ အလှူဒါနပြုခဲ့ခြင်းဖြစ်၏။

4 လူတို့သည် မိမိတို့အတွက်အသုံးမလို၊ ပိုလျှံသော အရာများကိုသာ လှူဒါန်းတတ်ကြ၏။ သို့ရာတွင် ဤမုဆိုးမသည် ဆင်းရဲသော်လည်း သူမ၌ရှိသမျှသော ငွေကြေးဥစ္စာအကုန်လုံးကို လှူဒါန်းခြင်းဖြစ်၏” ဟုမိန့်တော်မူ၏။

5 ထို့နောက် ဗိမာန်တော်၏ကျောက်သား၊ အရောင်အသွေးများသည် ထူးခြားစွာခန့်ညားနေ၍ လှူထားသောပစ္စည်းများလည်း အလွန်တင့်တယ်လှသည်ဟု လူအချို့က ချီးမွမ်းပြောဆိုနေကြသဖြင့် ကိုယ်တော်က

6 “သင်တို့ မြင်တွေ့ကြသည့်အရာအားလုံးတို့သည် မကြာခင်ပြိုကျရလိမ့်မည်။ ကျောက်တုံးတစ်လုံးမျှ ဤမူလနေရာတွင် တင်၍ မကျန်ရစ်သည့်တိုင်အောင် ပြိုပျက်သည့်အချိန် ကျရောက်လာပေလိမ့်မည်” ဟုမိန့်တော်မူ၏။

7 ထိုအခါ လူတို့သည် ကိုယ်တော်အား “ဆရာ၊ ဤအဖြစ်အပျက်များသည် မည်သည့်ကာလတွင် ဖြစ်ပျက်ပါမည်နည်း၊ ဤအရာများဖြစ်ပျက်ချိန်တွင် မည်ကဲ့သို့သော နိမိတ်များပေါ်ထွန်းပါမည်နည်း” ဟုမေးလျှောက်ကြလေ၏။

8 ကိုယ်တော်က “သူတစ်ပါး၏လှည့်ဖြားမှုကို မခံရစေရန် သတိပြုကြလော့။ လူအများသည် ငါ၏အယောင်ဆောင်၍ ‘ကျွန်ုပ်သည် ခရစ်တော်ဖြစ်၏’ ဟူ၍လည်းကောင်း၊ ‘အချိန်ကျလာပြီ’ ဟူ၍လည်းကောင်း ပြောဆိုကြလိမ့်မည်။ ထိုသူတို့ကို မယုံကြည်ကြနှင့်။

9 သင်တို့သည် စစ်ပွဲသတင်းများနှင့် တော်လှန်ပုန်ကန်သည့် သတင်းများ ကြားရသည့်အခါ မကြောက်ကြပါနှင့်၊ ဤအရာတို့သည် ဦးစွာဖြစ်ပျက်ရမည်ဖြစ်၏၊ သို့သော် ဤသည်မှာ အဆုံးသတ်မဟုတ်သေး။

10 လူမျိုးတစ်မျိုးနှင့် တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ စစ်ဖြစ်ကြလိမ့်မည်။

11 နေရာအနှံ့အပြားတွင် မြေငလျင်ပြင်းထန်စွာလှုပ်ခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်းနှင့် အနာရောဂါကပ်ဆိုက်ခြင်းများ ကြုံတွေ့ကြရမည်။ မိုးကောင်းကင်တွင်လည်း ကြောက်မက်ဖွယ်ကောင်းသော နိမိတ်လက္ခဏာများ ပေါ်ထွန်းကြလိမ့်မည်။

12 သို့သော် ဤအဖြစ်အပျက်များ မဖြစ်ခင် လူတို့သည် ငါ့အတွက်ကြောင့် သင်တို့အား ဖမ်းဆီးနှိပ်စက် ညှဉ်းဆဲကြလိမ့်မည်။ ဓမ္မာရုံတွင် တရားစီရင်ရန် အပ်နှံပြီး အကျဉ်းထောင်သို့ အကျဉ်းချရန် ပို့ဆောင်အပြစ်ပေးခြင်းခံရမည်။ သင်တို့သည် ရှင်ဘုရင်နှင့် အာဏာပိုင်များ ရှေ့မှောက်သို့ ခေါ်ယူစစ်ဆေးခံရခြင်းကိုလည်း ကြုံတွေ့ကြရမည်ဖြစ်၏။

13 သို့သော်လည်း ဤသည်မှာ သင်တို့အတွက် မင်္ဂလာသတင်းကောင်းကို သက်သေခံရန် အခွင့်အရေးဖြစ်လိမ့်မည်။

14 ထို့ကြောင့် တရားခွင်၌ မိမိကိုယ်ကို ကာကွယ်ရန် သင်တို့ မည်ကဲ့သို့ ချေပပြောဆိုရမည်ကို မစိုးရိမ်ကြနှင့်။

15 အဘယ်ကြောင့်ဆိုသော် ဆန့်ကျင်သူများ မည်သူမျှ သင်တို့မှားယွင်းသည်ဟု မငြင်းခုံမဟန့်တားနိုင်သော စကားပြောစွမ်းရည်နှင့် ဉာဏ်ပညာအား သင်တို့ကို ငါပေးမည်။

16 သင်တို့၏မိဘ၊ ညီအစ်ကို၊ ဆွေမျိုး၊ မိတ်ဆွေများ ကိုယ်တိုင်ပင် သင်တို့ကို သစ္စာဖောက်ကြလိမ့်မည်။ သင်တို့အနက် အချို့ကို သတ်ပစ်ကြလိမ့်မည်။

17 ငါ့ကိုယုံကြည်၍ ငါ့နောက်သို့ လိုက်သည့်အတွက်ကြောင့် လူများစွာတို့က သင်တို့ကို မုန်းတီးကြလိမ့်မည်။

18 သို့ရာတွင် သင်တို့ဦးခေါင်းထက်မှ ဆံချည်တစ်မျှင်မျှပင် ပျက်စီးရမည်မဟုတ်။

19 ခိုင်မြဲသော ယုံကြည်မှုနှင့်သာ ကြံ့ကြံ့ခံ မားမားမတ်မတ်ရပ်တည်မည်ဆိုပါက သင်တို့သည် ကယ်တင်ခြင်းကို ခံကြရလိမ့်မည်” ဟုမိန့်တော်မူ၏။

20 တဖန် ကိုယ်တော်က “ဂျေရုဆလင်မြို့ကို စစ်တပ်များ ဝန်းရံလျက်ရှိသည်ကို မြင်တွေ့ရသောအခါ ထိုမြို့သည် မကြာခင် ပျက်စီးခါနီးပြီဆိုသည်ကို သိထားကြလော့။

21 ထိုအချိန်ရောက်လျှင် ယုဒပြည်ရှိ လူတို့သည် တောင်ပေါ်သို့ တက်ပြေးကြလော့၊ မြို့ထဲရှိလူတို့သည်လည်း မြို့ပြင်သို့ ထွက်ခွါသွားကြလော့၊ မြို့ပြင်ကျေးလက်တောရွာ၌ရှိသော လူတို့သည် မြို့ထဲသို့ ဝင်ရောက်ခြင်းမပြုကြနှင့်။

22 အကြောင်းမူကား ထိုနေ့ရက်ကာလသည် ဘုရားရှင်က ဂျေရုဆလင်မြို့သားတို့ကို ပြစ်ဒဏ်စီရင်မည့်အချိန်ဖြစ်၏။ ထိုပြစ်ဒဏ်နှင့်ပတ်သက်၍ အရိယာသူတော်စင်များ ကြိုတင်နိမိတ်ဖတ်ထားခဲ့သည်များနှင့် ကျမ်းစာတွင် ရေးသားထားသည့်အကြောင်းအရာအလုံးစုံတို့သည် ပြည့်စုံစွာဖြစ်ပျက်ကြလိမ့်မည်။

23 ထိုကာလသည် ယုဒပြည်ရှိ လူအားလုံးအပေါ် ၌ ဆင်းရဲဒုက္ခကြီးမားစွာ ကျရောက်ပြီး ဘုရားရှင်၏အမျက်တော် ကျရောက်မည့်ကာလဖြစ်သောကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးငယ်မိခင်များအတွက် အဆိုးရွားဆုံးအချိန်ကာလဖြစ်လိမ့်မည်။

24 အချို့သည် ဓါးဖြင့် သေဆုံးကြရ၍ အခြားသူတို့သည် သုံ့ပန်းအဖြစ် တိုင်းတပါးသို့ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံရလိမ့်မည်။ လူမျိုးခြားတို့သည်လည်း ဂျေရုဆလင်မြို့ကို သိမ်းပိုက်၍ ဘုရားရှင်က ထိုသူတို့ အုပ်ချုပ်ရန်စီစဉ်ထားတော်မူသည့်အချိန် ပြီးဆုံးသည့်တိုင်အောင် ဖိနှိပ်ချုပ်ခြယ်၍ အုပ်ချုပ်ကြလိမ့်မည်” ဟုမိန့်တော်မူ၏။

25 ထို့နောက် ကိုယ်တော်က “နေ၊ လနှင့် ကြယ်တာရာတို့၌ ထူးခြားသောနိမိတ်လက္ခဏာများ ဖြစ်ပေါ်လာလိမ့်မည်။ ပင်လယ်၊ သမုဒ္ဒရာတို့၏လှိုင်းတံပိုးသံများကြောင့် ကမ္ဘာပေါ်ရှိ လူတိုင်းသည်လည်း စိုးရိမ်ကြောင့်ကြကြ၍ မည်သို့ပြုရမည်မှန်းမသိအောင် ကြောက်ရွံ့နေကြရလိမ့်မည်။

26 မိုးကောင်းကင်မှအရာမှန်သမျှတို့သည်လည်း ၎င်းတို့၏ပုံမှန်နေရာမှ ရွေ့လျားကြမည်ဖြစ်သဖြင့် နောက်ထပ်ဖြစ်ပျက်လာမည့်ကြောက်မက်ဖွယ်အရာတို့ကို ကြိုတွေးကာ လူတို့သည် ကြောက်ရွံ့၍ သတိလစ်မေ့မြောကြလိမ့်မည်။

27 ထို့နောက် လူ့သားတော်ဖြစ်သော ငါသည် မိုးတိမ်တိုက်ထဲမှ တန်ခိုးတော်အနန္တ၊ ဘုန်းဂုဏ်တော်အနန္တနှင့် ကြွလှမ်းလာသည်ကို လူအပေါင်းတို့ ဖူးမြင်ကြရလိမ့်မည်။

28 ထို့ကြောင့် ဤကဲ့သို့ဆိုးရွားသောနိမိတ်လက္ခဏာများ စတင်ဖြစ်ပေါ်လာသည့်အချိန်၌ သင်တို့သည် သံသရာဝဋ်ဆင်းရဲမှနေ၍ လွတ်မြောက်စေခြင်းကို ရတော့မည်ဖြစ်သဖြင့် မားမားမတ်မတ်ရပ်၍ ခေါင်းကို မော့ထားကြလော့” ဟုမိန့်တော်မူ၏။

29 ထို့နောက် ကိုယ်တော်သည် သူတို့အား ပုံဥပမာတစ်ခုကို မိန့်ဆိုသည်မှာ “သဖန်းပင်နှင့် အခြားအပင်တို့ကို ကြည့်လော့။

30 သစ်ရွက်နုများ ထွက်ပေါ်လာသည်ကို မြင်ရသောအခါ နွေဦးရောက်ပြီဆိုသည်ကို သင်တို့အလိုအလျှောက် သိကြ၏။

31 ဤသို့ပင် ယခုငါမိန့်ဆိုသည့်အကြောင်းအရာတို့ ဖြစ်ပေါ်လာသည်ကို သင်တို့မြင်ရလျှင် ဘုရားရှင်၏သာသနာတော် ပေါ်ထွန်းလာတော့မည်ဆိုသည်ကို သိထားကြလော့။

32 သင်တို့အား ငါအမှန်ဆိုသည်ကား ယခုလက်ရှိအချိန်၌ အသက်ရှင်နေသောသူတို့အကုန်လုံး မသေဆုံးခင်အချိန်မှာပင် ဤအဖြစ်အပျက်များအားလုံး ဖြစ်ပျက်လိမ့်မည်ဖြစ်၏။

33 ကောင်းကင်နှင့် ကမ္ဘာလောကသည်သာ ပျက်ဆီးပျောက်ကွယ်သွားလိမ့်မည်၊ ငါဆိုသောစကားတို့မှာမူကား အသေအချာပင်ဖြစ်ပျက်ရလိမ့်မည်ဖြစ်၏” ဟုမိန့်တော်မူ၏။

34 တဖန် ကိုယ်တော်က “ထို့ကြောင့် စားလိုက်သောက်လိုက်၊ ဘဝအတွက်ပူပင်လိုက်နှင့် သင်တို့၏အချိန်တို့ကို မကုန်ဆုံးစေဖို့ သတိပြုဆင်ခြင်ကြလော့။ ထိုသို့သာ အချိန်ဖြုန်းနေလျှင် နောက်ဆုံးသောနေ့ရက်သည် သင်တို့ထံသို့ ကျော့ကွင်းကဲ့သို့ အမှတ်တမဲ့ရောက်လာလိမ့်မည်။

35 ထိုနေ့ရက်သည် ကမ္ဘာမြေပေါ်၌ နေထိုင်သူအားလုံးထံ သက်ရောက်လိမ့်မည်ဖြစ်၏။

36 ထို့ကြောင့် သင်တို့သည်လည်း ဖြစ်ပေါ်လာမည့်အရာတို့ထံမှ လွတ်မြောက်၍ လူ့သားတော်ရှေ့မှောက်၌ မားမားမတ်မတ်ရပ်နိုင်ဖို့ရန်အတွက် အချိန်ရှိသရွေ့ ဆက်လက်ဆုတောင်းနေကြလော့” ဟုမိန့်တော်မူ၏။

37 ထို့နောက် ကိုယ်တော်သည် ဗိမာန်တော်တွင် နေ့အခါများ၌ တရားတော်များ ဟောပြောသွန်သင်ပြီး ညအခါ၌ သံလွင်တောင်ပေါ်သို့ သွား၍ နေတော်မူ၏။

38 လူအပေါင်းတို့သည်လည်း ကိုယ်တော်၏တရားတော်များကို နာယူရန် နံနက်စောစော၌ ဗိမာန်တော်သို့ လာကြလေ၏။

This translation of the Musselmani Burmese Bible is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.

Lean sinn:



Sanasan