Biblia Todo Logo
Bìoball air-loidhne

- Sanasan -

Luke 20 - Musselmani Burmese

1 တစ်နေ့သ၌ ကိုယ်တော်ယေရှုသည် ဗိမာန်တော်ဝန်းထဲ၌ လူထုပရိသတ်တို့အား မင်္ဂလာသတင်းကောင်းကို ဟောပြောသွန်သင်တော်မူစဉ် ဂျူးပုရောဟိတ်အကြီးအကဲများ၊ ကျမ်းတတ်ဆရာများနှင့် ဂျူးလူမျိုးအကြီးအကဲများ ရောက်လာကြပြီး တစ်နေ့သ၌ ကိုယ်တော်ယေရှုသည် ဗိမာန်တော်ဝန်းထဲ၌ လူထုပရိသတ်တို့အား မင်္ဂလာသတင်းကောင်းကို ဟောပြောသွန်သင်တော်မူစဉ် ဂျူးပုရောဟိတ်အကြီးအကဲများ၊ ကျမ်းတတ်ဆရာများနှင့် ဂျူးလူမျိုးအကြီးအကဲများ ရောက်လာကြပြီး

2 ကိုယ်တော်အား “ဗိမာန်တော်၌ ဤကဲ့သို့ဟောပြောသွန်သင်နေခြင်းသည် မည်သည့်အခွင့်အာဏာဖြင့် လုပ်ဆောင်နေပါသနည်း။ မည်သူက အခွင့်အာဏာပေးထားပါသနည်း” ဟုမေးမြန်းကြလေ၏။

3 ထိုအခါ ကိုယ်တော်က “သင်တို့အား ငါမေးခွန်းတစ်ခုမေးမည်။ ဖြေကြလော့။

4 ယောဟန်ရေနှစ်မင်္ဂလာပေးခြင်းသည် မည်သူ့အခွင့်အာဏာအားဖြင့် ပေးသနည်း။ ဘုရားရှင်၏အခွင့်အာဏာလော။ လူတစ်ဦးဦး၏အခွင့်အာဏာလော” ဟုမေးတော်မူ၏။

5 ထိုအခါ သူတို့သည် အချင်းချင်းဆွေးနွေးကြကာ “အကယ်၍ ဘုရားရှင်၏အခွင့်အာဏာဟု ငါတို့ဖြေပါက ယေရှုက ‘သို့ဖြစ်လျှင် သင်တို့ အဘယ်ကြောင့် ယောဟန်ကို မယုံကြည်ကြသနည်း’ ဟုဆိုလိမ့်မည်။

6 လူတစ်ဦးဦး၏အခွင့်အာဏာဟုဖြေလျှင်လည်း လူထုပရိသတ်တို့သည် ယောဟန်အား အရိယာသူတော်စင်တစ်ပါးဟု ယုံကြည်နေကြသည့်အတွက် လူတို့သည် ငါတို့အား ခဲနှင့်ပေါက်သတ်ကြလိမ့်မည်” ဟုပြောဆိုကြလေ၏။

7 ထို့ကြောင့် သူတို့သည် ယောဟန်ရေနှစ်မင်္ဂလာပေးဖို့ရန်အတွက် အခွင့်အာဏာကို မည်သူ့ထံမှရသည်ဆိုသည်ကို မသိကြောင်း ငြင်းဆိုကြ၏။

8 ထိုအခါ ကိုယ်တော်က “ဤသို့ဆိုလျှင် ငါသည်လည်း ဤကဲ့သို့အမှုအရာများပြုလုပ်ရန် အခွင့်အာဏာသည် မည်သူ့ထံမှရသည်ကို သင်တို့အား ဖြေမည်မဟုတ်” ဟုမိန့်တော်မူ၏။

9 ထို့နောက် ကိုယ်တော်က လူထုပရိသတ်အား ပုံဥပမာတစ်ခုဖြင့် မိန့်ဆိုသည်မှာ “လူတစ်ဦးသည် စပျစ်ခြံတစ်ခြံကို စိုက်ပျိုးခဲ့ပြီးနောက် ထိုခြံကို လူငှားထား၍ အချိန်အတန်ကြာ ခရီးရှည်ထွက်သွားခဲ့၏။

10 စပျစ်သီးပေါ် ချိန်ရောက်သောအခါ ပိုင်ရှင်သည် အစေခံတစ်ဦးကို သူ၏စပျစ်ခြံသို့ စေလွှတ်၍ သူရသင့်ရထိုက်သော ဝေစုအား သွားယူစေ၏။ သို့သော် လူငှားတို့သည် ထိုအစေခံကို ရိုက်နှက်၍ လက်ချည်းသက်သက်ပြန်လွှတ်လိုက်ကြ၏။

11 ထို့ကြောင့် ပိုင်ရှင်သည် နောက်ထပ်အစေခံတစ်ဦးကို ထပ်မံ၍စေလွှတ်ပြန်လေ၏။ လူငှားတို့သည်လည်း ထိုအစေခံကို ရိုက်နှက်ကြကာ ဒဏ်ရာအနာတရများနှင့် အရှက်တကွဲဖြစ်စေပြီးမှ လက်ချည်းသက်သက်ပြန်လွှတ်လိုက်ကြပြန်၏။

12 တဖန် ပိုင်ရှင်က တတိယမြောက်အစေခံတစ်ဦးကို ထပ်မံ၍စေလွှတ်သောအခါ၌လည်း လူငှားတို့က ယခင်အစေခံများကို ပြုသကဲ့သို့ပင် ရိုက်ပုတ်၍ ပြန်လွှတ်လိုက်ကြလေ၏။

13 ထိုအခါ ပိုင်ရှင်က ‘ငါမည်သို့ပြုရမည်နည်း။ ဤလူငှားတို့သည် ငါ၏သားကိုမြင်လျှင်တော့ ရိုသေလေးစားကြပေလိမ့်မည်။ ထို့ကြောင့် ငါ၏ချစ်သားကို စေလွှတ်လိုက်မည်’ ဟုတစ်ကိုယ်တည်းရေရွတ်၍ မိမိ၏သားဖြစ်သူကို ထိုခြံသို့ စေလွှတ်လိုက်၏။

14 သို့သော်လည်း လူငှားတို့သည် ပိုင်ရှင်၏သားကို မြင်သောအခါ ‘အမွေဆက်ခံမည့်သူ လာလေပြီ။ သူ့ကို သတ်ပစ်ကြစို့’ ဟုအချင်းချင်းဆွေးနွေးတိုင်ပင်ကြပြီးနောက်

15 လူငှားတို့သည် ပိုင်ရှင်၏သားကို စပျစ်ခြံအပြင်ဘက်သို့ဆွဲထုတ်ကာ သတ်ပစ်လိုက်ကြ၏။ ဤသို့ဆိုလျှင် ပိုင်ရှင်သည် လူငှားတို့အား မည်သို့ဆက်လက်၍ ပြုမည်နည်း။

16 ပိုင်ရှင်သည် သူကိုယ်တိုင်ပင်လာ၍ လူငှားတို့ကို သတ်ပစ်လိမ့်မည်။ ထို့နောက် စပျစ်ခြံကိုလည်း အခြားသူများထံသို့ ပေးအပ်လိမ့်မည်” ဟုမိန့်တော်မူသောအခါ ကြားရသောသူတို့ကလည်း “ထိုသို့ မည်သည့်အခါမျှ မဖြစ်ပါစေနှင့်” ဟုဆိုကြသော်

17 ကိုယ်တော်က သူတို့ကို စူးစိုက်ကြည့်၍ “‘တိုက်ကို တည်ဆောက်သောသူတို့ ပစ်ပယ်ထားသည့်ကျောက်တုံးသည် အရေးကြီးဆုံးသောထောင့်ချုပ်ကျောက်ဖြစ်လာသည်’ ဟူ၍ ကျမ်းစာမှာရေးသားထားသည်ကား မည်သည်ကိုဆိုလိုသနည်း။

18 ထိုကျောက်ပေါ်သို့ ကျသောသူတိုင်းသည် အပိုင်းပိုင်းကျိုးကြေရလိမ့်မည်။ တစ်စုံတစ်ဦးအပေါ်သို့ ထိုကျောက်တုံးပြုတ်ကျလျှင်လည်း ထိုသူသည် စေ့စေ့ညက်ညက်ကြေလိမ့်မည်” ဟုမိန့်တော်မူ၏။

19 ဂျူးပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းတတ်ဆရာများက ကိုယ်တော်သည် သူတို့အား ရည်ညွှန်း၍ ဤပုံဥပမာကို မိန့်တော်မူကြောင်း သိကြသဖြင့် ထိုအချိန်မှာပင် ကိုယ်တော့်ကို ဖမ်းဆီးလိုကြသော်လည်း သူတို့သည် လူထုပရိသတ်ကို ကြောက်ရွံ့နေခဲ့ကြ၏။

20 ထို့ကြောင့် ကျမ်းတတ်ဆရာများနှင့် ပုရောဟိတ်အကြီးအကဲတို့သည် ကိုယ်တော်ကို စောင့်ကြည့်လျှက် စကားတို့တွင် အပြစ်ရှာ၍ ကိုယ်တော်ကို ဘုရင်ခံလက်ထဲသို့ ဖမ်းဆီးအပ်နှံနိုင်ရန် ဖြောင့်မတ်ယောင်ဆောင်ထားသော သူလျှိုများကို စေလွှတ်ကြ၏။

21 ထိုသူလျှိုတို့က ကိုယ်တော်အား “ဆရာ၊ ဆရာသည် ဖြောင့်မတ်စွာဟောပြောသွန်သင်ပြီး မည်သူ့ကိုမျှ မျက်နှာသာမပေးဘဲ ဘုရားရှင်၏တရားတော်ကို သမ္မာတရားနှင့်အညီ သွန်သင်သည်ကို အကျွန်ုပ်တို့ သိပါ၏။

22 ထို့ကြောင့် ရောမဧကရာဇ်ကို အခွန်ဆက်သခြင်းသည် တရားတော်နှင့်ညီပါသလော သို့မဟုတ် မညီညွတ်ပါသလောဆိုသည်ကို အကျွန်ုပ်တို့အား ပြောပြပါလော့” ဟုလျှောက်တင်ကြ၏။

23 ထိုအခါ ကိုယ်တော်သည် သူတို့၏ပရိယာယ်ကို သိတော်မူသဖြင့်

24 သူတို့အား “ငါ့အား ဒေနာရီဒင်္ဂါးတစ်ပြားကို ပြကြလော့။ ထိုဒင်္ဂါးပြား၌ မည်သူ၏ရုပ်ပုံနှင့် အမည်ပါရှိသနည်း” ဟုမေးတော်မူ၏။ ထိုသူတို့ကလည်း “ရောမဧကရာဇ်၏ရုပ်ပုံနှင့် အမည်ပါရှိပါ၏” ဟုဖြေဆိုကြ၏။

25 ထိုအခါ ကိုယ်တော်က “ဧကရာဇ်နှင့်သက်ဆိုင်သည့်အရာတို့ကို ဧကရာဇ်အား ပေးကြလော့။ ဘုရားရှင်နှင့် သက်ဆိုင်သောအရာတို့ကိုလည်း ဘုရားရှင်ကို ဆက်သကြလော့” ဟုမိန့်တော်မူ၏။

26 ထိုအခါ ထိုသူတို့သည် လူပရိသတ်များရှေ့တွင် ကိုယ်တော်ကို အမှားရှာ၍ မရသည့်အပြင် ကိုယ်တော်၏ဖြေကြားပုံကိုလည်း အံ့ဩမင်သက်လျှက် တိတ်ဆိတ်သွားကြ၏။

27 တဖန် သေရာမှအသက်ပြန်ရှင်ခြင်းကို အယုံအကြည်မရှိသော ဇဒ္ဒုကဲဟုခေါ်သည့်အဖွဲ့ထဲမှ လူအချို့သည် ကိုယ်တော်ထံသို့ ချည်းကပ်၍

28 “ဆရာ၊ မောရှေပညတ်ကျမ်းတွင် ‘ဇနီးမယားရှိသောသူတစ်ဦးသည် သားသမီးမထွန်းကားဘဲ သေဆုံးသွားလျှင် ကျန်ရစ်သူမုဆိုးမသည် သားသမီးရစေရန်အတွက် သေဆုံးသူ၏ညီဖြစ်သူကို လက်ထပ်ထိမ်းမြားရ၏။ ထိုသူနှစ်ဦး၏အဦးဆုံးသားကိုလည်း သေဆုံးသူအစ်ကို၏သားအဖြစ် သတ်မှတ်ရမည်’ ဟုဖော်ပြထားပါ၏။

29 ဤသို့ဆိုလျှင် ညီအစ်ကို ခုနှစ်ဦးရှိသောမိသားစုတစ်စု၌ အစ်ကိုအကြီးဆုံးသည် အိမ်ထောင်ကျကာ သားသမီးထွန်းကားခြင်းမရှိဘဲ သေဆုံးသွားခဲ့၏။

30 ထို့ကြောင့် ဒုတိယအကြီးဆုံးသည် ကျန်ရစ်သူမုဆိုးမကို လက်ထပ်ယူသော်လည်း သူသည်လည်း သားသမီးထွန်းကားခြင်းမရှိဘဲ သေဆုံးသွားခဲ့လေ၏။

31 တဖန် တတိယညီသည်လည်း ဤကဲ့သို့ပင်ဖြစ်လျက် ညီအစ်ကိုခုနှစ်ဦးစလုံးသည် ဤမုဆိုးမနှင့် အိမ်ထောင်ပြုပြီးနောက် သားသမီးမထွန်းကားဘဲ သေဆုံးသွားကြပြီး

32 အဆုံး၌ ထိုမုဆိုးမသည်လည်း သေဆုံးသွားခဲ့၏။

33 သို့ဖြစ်လျှင် ဘုရားရှင်သည် သေပြီးသူတို့ကို အသက်ပြန်ရှင်စေသောအချိန်၌ ဤအမျိုးသမီးသည် ညီအစ်ကိုခုနှစ်ဦးစလုံးနှင့် လက်ထပ်ခဲ့သည့်အတွက် သူသည် မည်သူ၏ဇနီးမယားဖြစ်ပါမည်နည်း” ဟုမေးလျှောက်လေ၏။

34 ထိုအခါ ကိုယ်တော်က “ဤလောကသားတို့၌ ထိမ်းမြားလက်ထပ်ခြင်းရှိကြ၏။

35 သို့သော် အနာဂတ်ကာလ၌ ဘုရားရှင်က အသက်ပြန်ရှင်ခွင့်ရဖို့ရန် ထိုက်တန်သောသူများဟု သတ်မှတ်သောသူတို့၌မူ တစ်ဦးနှင့်တစ်ဦး လက်ထပ်ထိမ်းမြားခြင်း ရှိတော့မည်မဟုတ်။

36 ထိုသူတို့သည် သေခြင်းမှ ကင်းလွတ်၍ နတ်ဒေဝါများကဲ့သို့ဖြစ်ကြလိမ့်မည်။ ထို့ပြင် သူတို့သည် အသက်ပြန်ရှင်သန်ခွင့်ရသောသူများဖြစ်သဖြင့် ဘုရားရှင်၏သားသမီးများလည်း ဖြစ်ကြလိမ့်မည်။

37 ထိုမျှမက ဤကဲ့သို့ သေသူများ ပြန်လည်အသက်ရှင်သန်သည့်အကြောင်းနှင့်ပတ်သက်၍ မောရှေ၏ပညတ်ကျမ်းရှိ မီးလောင်သောချုံပုတ်အကြောင်း၌ ရှင်းလင်းထင်ရှားစွာဖော်ပြထားခဲ့၏။ မောရှေက ဘုရားရှင်သည် မိမိကိုယ်ကို ‘အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရားနှင့် ယာကုပ်၏ဘုရား’ ဟု ထိုသူတို့သေဆုံးပြီးအချိန်ကြာမြင့်သောအခါမှ ဤသို့မိန့်ဆိုခဲ့ကြောင်းကို ရေးသားခဲ့၏။

38 ထို့ကြောင့် ဘုရားရှင်၌ သူ၏လူမျိုးအပေါင်းတို့သည် အသက်ရှင်သန်လျက်ရှိကြကုန်သည်ဖြစ်၍ ဘုရားရှင်သည် သေသူတို့၏ဘုရားမဟုတ်၊ အသက်ရှင်သန်သောသူတို့၏ဘုရားဖြစ်တော်မူ၏” ဟုမိန့်တော်မူ၏။

39 ထိုအခါ ကျမ်းတတ်ဆရာအချို့က “ဆရာ၏အဖြေမှာ သင့်တော်ကောင်းမွန်ပါ၏” ဟုလျှောက်တင်ကြ၏။

40 ထိုအချိန်မှစ၍ မည်သူတစ်ဦး တစ်ယောက်မှ ကိုယ်တော်အား ထိုကဲ့သို့ ထောင်ချောက်ဆင်သည့် မေးခွန်းများ မမေးလျှောက်ဝံ့ကြတော့ပေ။

41 ထို့နောက် ကိုယ်တော်သည် လူတို့အား “ကယ်တင်ရှင်မေရှိယသည် ဘုရင်ဒါဝိဒ်၏သားတော်ဖြစ်သည်ဟု အဘယ်ကြောင့်ဆိုကြသနည်း။

42 ဆာလံကျမ်း၌ ဘုရင်ဒါဝိဒ်ကိုယ်တိုင်က ‘ဘုရားရှင်သည် ငါ၏အရှင်အား ဤသို့ဆိုခဲ့၏။

43 “သင်၏ရန်သူများအား သင်၏ခြေဖဝါးအောက်၌ ခြေတင်ခုံအဖြစ် ငါချထားသည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်လော့” ဟူ၍ဖြစ်၏’ ဟုဖော်ပြထား၏။

44 ထို့ကြောင့် ဘုရင်ဒါဝိဒ်သည် ကယ်တင်ရှင်မေရှိယအား ‘ငါ၏အရှင်’ ဟုဆိုလျှင် ကယ်တင်ရှင်မေရှိယသည် ဒါဝိဒ်၏သားမည်သို့ဖြစ်နိုင်မည်နည်း” ဟုမိန့်တော်မူ၏။

45 ထို့နောက် ကိုယ်တော်သည် လူထုပရိသတ်များနားထောင်နေစဉ် တပည့်တော်များအား

46 “ကျမ်းတတ်ဆရာတို့ကဲ့သို့ မပြုမူမိကြစေရန် ဂရုပြုကြလော့။ သူတို့သည် လမ်းမပေါ်ထွက်သောအခါ တန်ဖိုးကြီးသည့်ဝတ်ရုံရှည်များကို ဝတ်ဆင်၍ ဈေးမှလူတို့၏ အလေးထားနှုတ်ဆက်ခံရခြင်းကို နှစ်သက်ကြ၏။ ဓမ္မာရုံများ၌လည်း အရေးအကြီးဆုံးခုံနေရာများ၌ ထိုင်တတ်ကြ၍ အခမ်းအနားများတွင်လည်း အကောင်းဆုံးစားပွဲ၌ ထိုင်တတ်ကြ၏။

47 သူတို့သည် မုဆိုးမတို့၏အိမ်ကို အတင်းအဓမ္မသိမ်းယူတတ်ကြပြီး ဆုတောင်းရာ၌လည်း ဖြောင့်မတ်ဟန်ဆောင်၍ ရှည်လျားစွာ ဆုတောင်းတတ်ကြ၏။ ဘုရားရှင်သည် ထိုကဲ့သို့သောသူတို့ကို အခြားသောသူများထက် ပြင်းထန်စွာအပြစ်ပေးတော်မူလိမ့်မည်” ဟုမိန့်တော်မူ၏။

This translation of the Musselmani Burmese Bible is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.

Lean sinn:



Sanasan