Luke 19 - Musselmani Burmese1 ထို့နောက် ကိုယ်တော်ယေရှုသည် ဂျေရိခေါမြို့ကို ဖြတ်သန်းပြီး ကြွတော်မူလေ၏။ 2 ထိုမြို့တွင် ဇက္ခဲအမည်ရှိသောလူတစ်ဦး နေထိုင်လေ၏။ သူသည် အခွန်ကောက်အကြီးအကဲတစ်ဦးဖြစ်ပြီး အလွန်ချမ်းသာကြွယ်ဝသူတစ်ဦးလည်းဖြစ်၏။ 3 သူသည် ကိုယ်တော်ယေရှု မည်သူဖြစ်သည်ကို တွေ့မြင်ခွင့်ရရန် ကြိုးစားသော်လည်း အရပ်နိမ့်သဖြင့် လူထုကိုကျော်၍ မမြင်နိုင်ဘဲ ဖြစ်နေလေ၏။ 4 ထို့ကြောင့် သူသည် ကိုယ်တော်အား တွေ့မြင်နိုင်ရန် ရှေ့သို့ကြိုပြေး၍ သဖန်းပင်တစ်ပင်ပေါ်တွင် တက်နေလေ၏။ 5 ကိုယ်တော်သည် ထိုနေရာသို့ရောက်သောအခါ မော့ကြည့်ပြီး “ဇက္ခဲ၊ အမြန်ဆင်းခဲ့လော့။ သင်၏အိမ်၌ ယနေ့ငါတည်းခိုမည်” ဟုမိန့်တော်မူ၏။ 6 ထိုအခါ ဇက္ခဲသည်လည်း သစ်ပင်ပေါ်မှ အမြန်ဆင်းလာကာ ကိုယ်တော်အား ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလေ၏။ 7 ထိုအခြင်းအရာကို မြင်သောသူအပေါင်းတို့က “ကိုယ်တော်သည် အပြစ်ဒုစရိုက်သမား၏အိမ်ကို သွား၍ သူနှင့်အတူ စားသောက်ဦးမည်တကား” ဟူ၍ ကဲ့ရဲ့ပြစ်တင်ကြလေ၏။ 8 ထို့နောက် ဇက္ခဲသည် မတ်တပ်ရပ်လျှက် ကိုယ်တော်အား “ကိုယ်တော်၊ ကိုယ်တော်၊ အကျွန်ုပ်၏ပစ္စည်းဥစ္စာတစ်ဝက်ကို ဆင်းရဲနွမ်းပါးသည့်သူတို့အား ခွဲဝေပေးပါမည်။ လူတို့ထံမှ မတရားတောင်းခံထားမိခဲ့သောအခွန်ငွေတို့ကိုလည်း လေးဆပို၍ ပြန်အမ်းလိုက်ပါမည်” ဟုလျှောက်တင်လေ၏။ 9 ကိုယ်တော်က ဇက္ခဲအား “သင်သည်လည်း အာဗြဟံ၏မျိုးဆက်ဖြစ်သည့်အတွက် ယနေ့မှစ၍ သင်နှင့်သင့်မိသားစုအားလုံးကို ဘုရားရှင်ကယ်မတော်မူပြီ။ 10 ဤသည်ကို အမှတ်ရလော့။ လူ့သားတော်ဖြစ်သော ငါသည် သင်ကဲ့သို့သော ဘုရားရှင်ထံမှ လမ်းလွဲဝေးကွာနေသောသူတို့ကို ရှာဖွေ၍ ကယ်တင်ရန်ကြွလာခြင်းဖြစ်၏” ဟုမိန့်တော်မူ၏။ 11 ထိုအချိန်၌ ကိုယ်တော်သည်လည်း ဂျေရုဆလင်မြို့အနီးသို့ ရောက်ရှိလာသဖြင့် လူထုပရိသတ်တို့သည် ကိုယ်တော်ထိုမြို့သို့ ရောက်သည်နှင့် ဘုရားရှင်၏သာသနာတော်သည် ချက်ချင်းပေါ်ထွန်းလာတော့မည်ဟု လွဲမှားစွာတွေးတောနေကြလေ၏။ ထို့ကြောင့် ကိုယ်တော်က လူထုပရိသတ်တို့ နားထောင်နေကြစဉ်တွင် သူတို့အား ပုံဥပမာတစ်ခုကို မိန့်ဆိုသည်မှာ 12 တစ်ခါက တိုင်းပြည်တစ်ပြည်၌ တော်ဝင်မင်းသားတစ်ပါးရှိလေ၏။ တစ်နေ့သောအခါ သူသည် သူ၏အစေခံဆယ်ဦးကိုခေါ်၍ တစ်ဦးစီကို ငွေတစ်မိနာ့စီပေးကာ ‘ငါသည် ဝေးလံသောတိုင်းပြည်သို့ ခရီးရှည်ထွက်ရမည်ဖြစ်၍ ငါပြန်မရောက်မီအချိန်အထိ ဤငွေဖြင့် စီးပွားရှာကြလော့’ ဟုမိန့်မှာလေ၏။ 13 ထို့နောက် သူသည် ဘုရင်အဖြစ်တင်မြှောက်ခြင်းကို ခံယူပြီးနောက် ပြန်လာရန်အတွက် ဧကရာဇ်နေထိုင်သောဝေးလံသည့်တိုင်းပြည်သို့ သွားရောက်လေ၏။ 14 သို့သော် ထိုတိုင်းပြည်မှလူအချို့ကမူ ထိုတော်ဝင်မင်းသားကို ဘုရင်မဖြစ်စေလိုကြသည့်အတွက် ဧကရာဇ်ထံသို့ သံတမန်များကို စေလွှတ်ကာ ‘ဤသူကို ဘုရင်အဖြစ် အကျွန်ုတို့ အလိုမရှိပါ’ ဟူ၍ ပြောစေလေ၏။ 15 သို့သော်လည်း ထိုတော်ဝင်မင်းသားသည် ဘုရင်အဖြစ် တင်မြှောက်ခြင်းကိုခံရ၍ သူ၏တိုင်းပြည်သို့ ဘုရင်အသစ်တစ်ပါးအနေဖြင့် ပြန်ရောက်လာလေ၏။ ထို့နောက် ထိုဘုရင်က သူငွေပေးထားခဲ့သည့်အစေခံတို့ စီးပွားရှာ၍ အမြတ်မည်မျှရသည်ကို သိလိုသဖြင့် ထိုသူတို့အား ခေါ်စေလေ၏။ 16 ထို့နောက် ပထမအစေခံသည် လာ၍ ‘အရှင်မင်းကြီးပေးခဲ့သည့် ငွေတစ်မိနာ့ကို အကျွန်ုပ်ဆယ်ဆမျှတိုးပွားအောင် ဆောင်ရွက်ထားပါ၏’ ဟုလျှောက်တင်သဖြင့် 17 ဘုရင်ကလည်း ‘ကောင်းလေစွ။ သင်သည် ပမာဏအနည်းငယ်နှင့်ပင် သစ္စာစောင့်သိသောအစေခံကောင်းဖြစ်သဖြင့် မြို့ဆယ်မြို့ကို အပိုင်စားစေ’ ဟုဆိုလေ၏။ 18 ဒုတိယအစေခံကလည်း ‘အရှင်မင်းကြီးပေးခဲ့သည့် ငွေတစ်မိနာ့ကို ငါးဆခန့်မျှ တိုးပွားအောင် ဆောင်ရွက်ထားပါ၏’ ဟုလျှောက်တင်သဖြင့် 19 ဘုရင်က ‘ကောင်းလေစွ။ သင်သည်ကား မြို့ငါးမြို့ကို အပိုင်စားစေ’ ဟုဆိုလေ၏။ 20 နောက်ထပ်အစေခံတစ်ဦးမှာမူ ‘အကျွန်ုပ်သည် အရှင်မင်းကြီးပေးခဲ့သည့် ငွေတစ်မိနာ့ကို ပဝါနှင့်ထုပ်၍ သိမ်းဆည်းထားပါ၏။ ဤမှာကြည့်ပါလော့။ 21 အရှင်မင်းကြီးသည် မိမိမပိုင်သောအရာကို အခြားသူများထံမှ သိမ်းယူတတ်၍ မိမိမစိုက်ပျိုးသည့် သူတစ်ပါး၏စိုက်ခင်းကိုလည်း ရိပ်သိမ်းတတ်ပြီး ခက်ထန်သောသူဖြစ်သည့်အတွက် အကျွန်ုပ် ကြောက်ရွံ့သဖြင့် ဤသို့ပြုရခြင်းဖြစ်ပါ၏’ ဟုလျှောက်တင်လေ၏။ 22 ထိုအခါ ဘုရင်က ‘ဆိုးညစ်သောအစေခံ၊ သင့်စကားအတိုင်းပင် သင့်ကိုငါ အပြစ်စီရင်မည်။ ငါသည် မိမိမပိုင်သည့်အရာကို သိမ်းယူတတ်၍ မိမိမစိုက်ပျိုးသည်ကို ရိတ်သိမ်းတတ်ကာ ခက်ထန်သောသူဖြစ်သည်ကို သိလျှက်နှင့်ပင် 23 ငါပေးခဲ့သည့်ငွေကို အဘယ်ကြောင့် ဘဏ်၌မအပ်နှံခဲ့သနည်း။ အကယ်၍သာ ဘဏ်၌အပ်ထားခဲ့လျှင် ငါပြန်လာသည့်အချိန်၌ အတိုးငွေရမည်မဟုတ်လော’ ဟုဆိုလေ၏။ 24 ထို့နောက် ဘုရင်က အခြားအစေခံတို့ကို ခေါ်စေ၍ ‘ဤသူ့ထံမှငွေကို ယူ၍ ဆယ်ဆပွားနိုင်သည့် အစေခံကို ပေးလိုက်ကြလော့’ ဟုအမိန့်ပေးသဖြင့် 25 ထိုသူတို့ကလည်း ‘အရှင်မင်းကြီး၊ ထိုဆယ်ဆပွားနိုင်သောသူထံ၌ ငွေဆယ်မိနာ့ရှိထားပြီးပါပြီ’ ဟုလျှောက်တင်ကြလေ၏။ 26 ထိုအခါ ဘုရင်က ‘သင်တို့အား ငါဆိုမည်။ တစ်စုံတစ်ရာရှိ၍ ထိုအရာကို တိုးပွားအောင်လုပ်နိုင်သူကို ပို၍ပေးမည်။ သို့သော် တိုးပွားအောင်မလုပ်နိုင်သောသူထံမှ သူ၌ရှိသောအရာတို့ကိုပင် သိမ်းယူခံရမည်။ 27 ယခု ငါဘုရင်အဖြစ် အုပ်ချုပ်သည်ကို အလိုမရှိသူတို့ကို ခေါ်လာကြလော့။ ထိုသူတို့ကို ငါ့ရှေ့၌ပင် ကွပ်မျက်ကြလော့’ ဟုအမိန့်ပေးလေ၏” ဟူ၍မိန့်တော်မူ၏။ 28 ကိုယ်တော်သည် ထိုသို့ဟောပြော၍ ပြီးသောအခါ ဂျေရုဆလင်မြို့သို့ ဆက်လက်ကြွတော်မူ၏။ 29 ထို့နောက် သံလွင်တောင်အနီးရှိ ဗက်ဖာဂေရွာနှင့် ဗေသနိရွာသို့ ရောက်သောအခါ ရှေ့ပြေးအဖြစ် တပည့်တော်နှစ်ဦးကို ကြိုတင်စေလွှတ်၍ 30 ကိုယ်တော်က “ရှေ့ကရွာကို သွားကြလော့။ ရွာထဲသို့ဝင်သည်နှင့် မည်သူမျှမစီးဖူးသေးသည့် မြည်းငယ်တစ်ကောင်ကို ကြိုးချည်ထားသည်ကို မြင်ရလိမ့်မည်။ ထိုမြည်းငယ်ကို ကြိုးဖြေ၍ ငါ့ထံသို့ ခေါ်လာကြလော့။ 31 တစ်စုံတစ်ဦးက ‘သင်တို့ အဘယ်ကြောင့် မြည်းငယ်ကို ကြိုးဖြေကြသနည်း’ ဟုမေးလျှင် ‘အရှင်သခင်က လိုအပ်သဖြင့် ဤသို့ပြုရပါသည်’ ဟုဖြေကြလော့” ဟုမိန့်တော်မူ၏။ 32 ထိုတပည့်တော်နှစ်ဦးလည်း ရွာထဲသို့ ရောက်သောအခါ ကိုယ်တော် မိန့်ကြားခဲ့သည့်အတိုင်း မြည်းငယ်ကို တွေ့ကြလေ၏။ 33 သူတို့သည် မြည်းငယ်ကို ကြိုးဖြေနေကြစဉ် ၎င်း၏ပိုင်ရှင်တို့က “သင်တို့ အဘယ်ကြောင့် မြည်းငယ်ကို ကြိုးဖြေကြသနည်း” ဟုမေးကြသဖြင့် 34 ထိုသူတို့ကလည်း “အရှင်သခင်က လိုအပ်သဖြင့် ဤသို့ပြုရပါသည်” ဟုဖြေကြလေ၏။ 35 ထို့နောက် သူတို့သည် မြည်းငယ်ကို ကိုယ်တော်ထံသို့ ယူဆောင်လာကြပြီး ကျောကုန်းထက်၌ အဝတ်ခင်းပေး၍ ကိုယ်တော့်ကို ၎င်းအပေါ်တင်ပေးပြီး စီးစေကြ၏။ 36 ထိုမြည်းငယ်ကို စီး၍ ဂျေရုဆလင်မြို့သို့ သွားရာလမ်းတွင် လူထုပရိသတ်များစွာတို့သည် ကိုယ်တော့်ရှေ့တွင် သူတို့၏ဝတ်ရုံများကို ခင်းထားပေးကြ၏။ 37 သံလွင်တောင်ပေါ်မှအဆင်းတွင် တပည့်တော်များအပေါင်းတို့သည် ကိုယ်တော်ယေရှု လုပ်ဆောင်ခဲ့သမျှသော အံ့ဩဖွယ်ရာအလုံးစုံတို့အတွက် ပျော်ရွှင်စွာဖြင့် ဘုရားရှင်၏ဂုဏ်တော်ကို ချီးမွမ်းကြကာ 38 “ဘုရားရှင်၏နာမတော်ဖြင့် ကြွရောက်လာသည့် ရှင်ဘုရင်သည် မင်္ဂလာရှိပါပေ၏။ ရွှေမြို့တော်၌ ငြိမ်းချမ်းခြင်းရှိ၍ ဘုရားရှင်၏ဘုန်းတန်ခိုးတော် ထွန်းလင်းပါစေသော်” ဟုကြွေးကြော်ကြလေ၏။ 39 ထိုအခါ လူအုပ်ထဲမှ ဖာရိရှဲအချို့သည် ကိုယ်တော်အား “ဆရာ၊ ဆရာ၏တပည့်များအား ဤသို့အော်ဟစ်နေခြင်းမပြုရန် ဆုံးမပေးပါလော့” ဟုဆိုကြလေ၏။ 40 ကိုယ်တော်ကလည်း “သင်တို့အား ငါဆိုသည်ကား အကယ်၍ ဤလူတို့အား မကြွေးကြော်ကြရန် တားမြစ်ပါက ကျောက်ခဲတို့သည် ထ၍ကြွေးကြော်ကြလိမ့်မည်” ဟုမိန့်တော်မူလေ၏။ 41 ထို့နောက် ကိုယ်တော်သည် ဂျေရုဆလင်မြို့အနီးသို့ ရောက်၍ မြို့ကို မြင်သောအခါ မျက်ရည်ကျတော်မူလျှက် 42 “အို ဂျေရုဆလင်မြို့သားတို့၊ မည်သည့်အရာက ငြိမ်းချမ်းခြင်းကိုဆောင်ယူလာသည်ကို သင်တို့ မသိကြခြင်းသည် အလွန်ဆိုးရွားလှ၏။ သို့သော် ယခုအချိန်၌ ထိုအရာကို သင်တို့မျက်စိရှေ့၌ပင် ကွယ်ဝှက်ထားခြင်းခံရပြီ။ 43 သင်တို့၏ရန်သူများသည် သင်တို့ပတ်လည်၌ အတားအဆီးကို တည်ဆောက်၍ သင်တို့ကို ဝန်းရံကာ အရပ်မျက်နှာအလုံးစုံမှ သင်တို့အား တိုက်ခိုက်ကြမည့်နေ့ရက်များ ရောက်လာတော့မည်။ 44 ထိုသူတို့သည် သင်တို့အားလုံးကို သတ်ဖြတ်၍ ဤမြို့မှကျောက်တုံးတစ်တုံးပေါ် အခြားတစ်တုံးဆင့်၍မျှ မကျန်ရအောင် ဖြိုချဖျက်ဆီးကြလိမ့်မည်။ အကြောင်းမူကား သင်တို့သည် ဘုရားရှင်က ကယ်တင်ရန်ကြွရောက်လာခြင်းကို မသိနားမလည်ကြသောကြောင့်ဖြစ်၏” ဟုမိန့်တော်မူ၏။ 45 ထို့နောက် ကိုယ်တော်သည် ဗိမာန်တော်ထဲသို့ ဝင်ရောက်သွားပြီး ဗိမာန်တော်ဝန်းအတွင်း ဈေးရောင်းနေကြသော ဈေးသည်များကို နှင်ထုတ်လျှက် 46 “‘ငါ၏အိမ်သည် ဝတ်ပြုဆုတောင်းရာ နေရာဖြစ်ရမည်’ ဟု ဘုရားရှင်က ကျမ်းစာ၌ ဖော်ပြထားသော်လည်း ယခုသင်တို့သည် ဗိမာန်တော်ကို သူခိုးဓါးပြများ ခိုအောင်းသည့်နေရာအဖြစ် လုပ်ဆောင်နေကြသည်တကား” ဟုမိန့်တော်မူ၏။ 47 ထို့နောက် ကိုယ်တော်သည် ဗိမာန်တော်တွင် နေ့စဉ်နေ့တိုင်း ဟောပြောသွန်သင်လျှက်နေတော်မူ၏။ ဂျူးပုရောဟိတ်အကြီးအကဲများ၊ ကျမ်းတတ်ဆရာများနှင့် ဂျူးလူမျိုးအကြီးအကဲများသည် ကိုယ်တော့်ကို သတ်ရန် ကြိုးပမ်းနေကြသော်လည်း 48 လူထုပရိသတ်အများတို့သည် ကိုယ်တော်ဟောပြောသွန်သင်သည်တို့ကို နာကြားရန် ဆန္ဒပြင်းပြလျှက် အနီးကပ်နေနေကြသောကြောင့် သူတို့သည် ကိုယ်တော့်အား လုပ်ကြံသတ်ဖြတ်ရန် နည်းလမ်းကို ကြံစည်၍ မရနိုင်ဖြစ်နေကြ၏။ |
This translation of the Musselmani Burmese Bible is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.