Online Bible

- Reklamy -


মথি লিখিত সুসমাচার 6 - Marma


အလှူဒါန ပီးဖို့စာ အကြောင်း

1 “သတိထားကတ်! လူရို့က ချီမွမ်းခြင်းကို ရဖို့အတွက် နင်ရို့ ကောင်းမှုကုသိုလ် မလုပ်ကတ်ကေ့။ နင်ရို့ ယင်းပိုင် လုပ်တေဆိုကေ နင်ရို့မာ ဂေါင်းခင်ဘုံသျှင် အဖက ဆုကို ရကတ်လိမည် မဟုတ်။

2 “ယင်းအတွက်န နင် ဆင်းရဲသားရို့ကို အလှူဒါန ပီးရေခါ ကိုယ်ရို့ကို သူတော်ကောင်း ဖြစ်တေ ဟို့ လူရို့ဘားမာ ပြဖို့အတွက် လှူသူရို့ပိုင် နင် မလုပ်လီကေ့။ သူရို့စာ အယောင်ဆောင် ဖြစ်ကတ်တေ။ သူရို့စာ လူရို့က ချီမွမ်းခြင်းကို ရဖို့အတွက် တရားဇရပ်တိန လမ်းတိမာ လည်ရို့ တီးမှုတ်ကရိယာကို တီးရို့ အလှူပီးကတ်တေ။ ငါ နင်ရို့ကို အမှန် ပြောရေ၊ သူရို့စာ ကိုယ်ရို့ ရဖို့စာဆုကို ရလားခကတ်ပျာ။

3 ယေကေလည်း နင် ဆင်းရဲသားရို့ကို အလှူဒါန ပီးရေခါ နင့် ညာဖက်အလက် ဇာ လုပ်တေလည်းဆိုစာကို နင့် ဘယ်ဖက်အလက်ကို မသိစီကေ့။

4 ဒေပိုင် နင့်မာ အလှူဒါနစာ ဖုံးရွှက်ခြင်း ဟိရဖို့။ ယင်းပိုင်ဆိုကေ နင် ဖုံးရွှက်ရို့ လုပ်စာ အားကုံးကို နင့် အဖ မြင်ရေအတွက်န နင့်ကို ဆုပီးလိမည်။


ဆုတောင်းဖို့စာ အကြောင်း

5 “နင်ရို့ ဆုတောင်းရေခါ သူတော်ကောင်း အယောင်ဆောင်သူရို့ပိုင် မတောင်းကတ်ကေ့! အကြောင်းကား သူရို့စာ လူရို့ကို ပြဖို့အတွက် တရားဇရပ်တိန လမ်းခွဆုံတိမာ ရပ်ရို့ ဆုတောင်းဖို့စာကို နှစ်သက်ကတ်တေ။ ငါ နင်ရို့ကို အမှန် ပြောရေ၊ သူရို့စာ ကိုယ်ရို့ ရဖို့စာဆုကို ရလားခကတ်ပျာ။

6 ယေကေလည်း နင် ဆုတောင်းရေခါ အိမ်ထဲတို့ ဝင်ပြီးကေ တန်ခါးပိတ် ပိတ်ရို့ နင့်အဖဘားမာ ဆုတောင်း။ နင့်အဖကို မျက်စိန မမြင်ရကေလည်းသောက် ရောက်ရို့ ဟိရေ။ အရာ သူစာ နင် ဖုံးရွှက်ရို့ လုပ်စာ အားကုံးကို မြင်ရေအတွက်န နင့်ကို ဆုပီးလိမည်။

7 “အရာ နင်ရို့ ဆုတောင်းရေခါ ထာဝရဘုရားကို မသိသူရို့ပိုင် မတောင်းကတ်ကေ့။ သူရို့စာ အဓိပ္ပါယ်မဟိစာ စကားတိကို အပြန်ပြန် ပြောရို့ ဆုတောင်းနီကတ်တေ၊ အကြောင်းကား သူရို့စာ စကားအရှည်န ဆုတောင်းရေဆိုကေ ကိုယ်ရို့ တောင်းစာဆုကို ထာဝရဘုရား နားထောင်မည် ဟို့ ထင်ကတ်တေ။

8 ယေကေလည်း နင်ရို့စာ ထိုသူရို့ပိုင် မတောင်းကတ်ကေ့၊ အကြောင်းကား နင်ရို့မာ အဖစာ ကိုယ့်ဘားမာ မတောင်းခင်အယင်ကပင် နင်ရို့ ဇာ လိုရေလည်းဆိုစာကို သိထားရေ။


အသျှင်၏ ဆုတောင်းခြင်း
( လုကာ ၁၁:၁-၄ )

9 “ယင်းအတွက်န နင်ရို့ ဒေပိုင် ဆုတောင်းကတ်၊ ‘အိုး အကျွန်ရို့မာ ဂေါင်းခင်ဘုံသျှင် အဖ၊ ကိုယ်တော်၏ သန့်ရှင်းစာ နာမည် ရိုသေခြင်း ဟိပါစီ။

10 ကိုယ်တော်၏ နိုင်ငံတော် တည်ထောင်ပါစီ။ ကိုယ်တော်၏ အလိုတော် ဂေါင်းခင်ဘုံမာ ပြည့်စုံစာပိုင် ဒေ ကမ္ဘာမာလည်း ပြည့်စုံပါစီ။

11 ဒေနိ အကျွန်ရို့ လိုအပ်စာ အစားအစာကို ကိုယ်တော် အကျွန်ရို့ကို ပီးသနားပါ။

12 အကျွန်ရို့စာ ကိုယ်ရို့ကို မတရားလုပ်သူရို့ကို ခွင့်ရွှတ်ကတ်ပါဗျာ။ ယင်းပိုင်တထန် ကိုယ်တော်လည်း အကျွန်ရို့မာ ဟိသမျ အပြစ်ကို ခွင့်ရွှတ်ပါ။

13 ကိုယ်တော် အကျွန်ရို့ကို အပြစ်မာ မကျပါစီကေ့၊ ယင်းထက်ပင် အကျွန်ရို့ကို မာရ်နတ်အလက်က ကာကွယ်ပါ။’

14 “နင်ရို့စာ အခြားလူရို့ အပြစ်ကို ခွင့်ရွှတ်တေဆိုကေ နင်ရို့မာ ဂေါင်းခင်ဘုံသျှင် အဖလည်း နင်ရို့ အပြစ်ကို ခွင့်ရွှတ်လိမည်။

15 ယေကေလည်း နင်ရို့စာ အခြားလူရို့ အပြစ်ကို ခွင့်မရွှတ်ဆိုကေ နင်ရို့မာ ဂေါင်းခင်ဘုံသျှင် အဖလည်း နင်ရို့ အပြစ်ကို ခွင့်ရွှတ်လိမည် မဟုတ်။


အစားရှောင်ဖို့စာ အကြောင်း

16 “နင်ရို့ အစားရှောင်ကတ်တေခါ သူတော်ကောင်း အယောင်ဆောင်သူရို့ပိုင် မျက်နှာမဲရို့န မနီကတ်ကေ့၊ အကြောင်းကား သူရို့စာ ကိုယ်ရို့ အစားရှောင်ကတ်တေဆိုစာကို လူရို့ကို ပြဖို့အတွက် အဂေါင်းန မျက်နှာမာ ပြာလူးရို့ လည်နီကတ်တေ။ ငါ နင်ရို့ကို အမှန် ပြောရေ၊ သူရို့စာ ကိုယ်ရို့ ရဖို့စာဆုကို ရလားခကတ်ပျာ။

17-18 ယေကေလည်း နင် အစားရှောင်ရေဆိုစာကို အခြားလူရို့ မသိရအောင် နင် အစားရှောင်ရေခါ မျက်နှာသစ်ရို့ အဂေါင်းမာ ဆီထည့်။ ယေကေလည်း မျက်စိန မမြင်ရစာ နင့်အဖစာ နင် အစားရှောင်ရေဆိုစာကို မြင်လိမည်။ နင် ဖုံးရွှက်ရို့ လုပ်စာ အားကုံးကို နင့်အဖ မြင်ရေအတွက်န နင့်ကို ဆုပီးလိမည်။


ပစ္စည်း-ဥစ္စာ စုဆောင်းဖို့စာ အကြောင်း
( လုကာ ၁၂:၃၂-၃၄ ၊ ၁၆:၁၃ )

19 “နင်ရို့အတွက် ဒေ ကမ္ဘာမာ ပစ္စည်း-ဥစ္စာကို မစုဆောင်းကတ်ကေ့၊ အကြောင်းကား ဒေ ကမ္ဘာမာ သံချီးတက်တေ၊ ခြစားရေ အရာ သူခိုး ဖေါက်ရို့ ခိုးယူရေ။

20 ယင်းထက်ပင် ဂေါင်းခင်ဘုံမာ နင်ရို့အတွက် ပစ္စည်း-ဥစ္စာကို စုဆောင်းကတ်။ ယင်းနေရာမာ သံချီးလည်း မတက်၊ ခြလည်း မစား အရာ သူခိုးလည်း ဖေါက်ရို့ မယူ၊

21 အကြောင်းကား နင့် ပစ္စည်း-ဥစ္စာ ဟိစာနေရာမာ နင့် စိတ်လည်း ဟိလိမည်။

22 “မျက်စိစာ ခန္ဓာ၏ ဆီမီးခွက် ဖြစ်တေ။ ယင်းအတွက်န နင့်မာ မျက်စိ ကောင်းရေဆိုကေ နင့် ခန္ဓာတစ်ကိုယ်လုံး အလင်းနပြည့်စုံလိမည်။

23 ယေကေလည်း နင့်မာ မျက်စိ မကောင်းဆိုကေ နင့် ခန္ဓာတစ်ကိုယ်လုံး မှောင်မိုက်လိမည်။ ယင်းအတွက်န နင့် စိတ်နှလုံးထဲမာ အလင်းစာ သီလားခရေဆိုကေ နင်စာ အပြည့်အစုံ အမိုက်မှောင်ထဲမာ နီရလိမည်!

24 “တစ်ယောက်လည်း အပိုင်သျှင်နှစ်ယောက်ကို မပြုဇုနိုင်၊ အကြောင်းကား သူစာ တစ်ယောက်ကို မုန်းရို့ အခြားတစ်ယောက်ကို ချစ်လိမည်။ အရာ သူစာ တစ်ယောက်ကို ရိုသေလေးစားရို့ အခြားတစ်ယောက်ကို အားမနာ လုပ်လိမည်။ နင်ရို့ တစ်ခါတည်းမာ ထာဝရဘုရားန ပစ္စည်း-ဥစ္စာဘားမာ ကျွန်မခံနိုင်။


အစားအစာထက် အသက် အရေးကြီးခြင်း
( လုကာ ၁၂:၂၂-၃၁ )

25 “ယင်းအတွက်န ငါ နင်ရို့ကို ပြောရေ၊ နင်ရို့ ဇာ စားသောက်ဖို့လည်း ဆိုပြီးကေ အသက်ရှင်ဖို့စာ အကြောင်း၊ မဟုတ်ကေ ဇာ ဝတ်ဖို့လည်း ဆိုပြီးကေ ခန္ဓာ အကြောင်းကို ယူရို့ မစဉ်းစားကတ်ကေ့။ အကြောင်းကား အသက်စာ အစားအစာထက် အရေးကြီးရေ အရာ ခန္ဓာစာ အဝတ်ထက် အရေးကြီးရေ။

26 ဂေါင်းခင်မာ ပျံနီစာ ငှက်တိကို ကြည့်လိုက်။ သူရို့စာ စိုက်လည်း မစိုက်ကတ်၊ ရိတ်လည်း မရိတ်ကတ် အရာ ရိုင်မာလည်း မထည့်ထားကတ်။ ယေကေလည်း နင်ရို့မာ ဂေါင်းခင်ဘုံသျှင် အဖစာ သူရို့ကို ကျွေးမွေးရို့ ထားရေ။ နင်ရို့စာ ထိုငှက်တိထက် ပိုရို့ တန်ဖိုး ဟိကတ်တေ မဟုတ်လော?

27 နင်ရို့အထဲမာ အသူတစ်ယောက် စဉ်းစား-ဆင်ခြင်ရို့ ကိုယ့်အသက်ကို တစ်တောင်လှောက် ရှည်အောင် လုပ်နိုင်ရေလည်း?

28 “အဝတ်အတွက် နင်ရို့ ဇာဖို့ ဒေလှောက် စဉ်းစားကတ်စာလည်း? ထိုတောပန်းတိ ဇာပိုင်ပျင်ရို့ ပွင့်ကတ်တေလည်းဆိုစာကို နင်ရို့ စဉ်းစားကြည့်ကတ်။ ယင်းသျှင့်တိစာ အလုပ်လည်း မလုပ်ကတ်၊ ဗိုင်းလည်း မဝင့်ကတ်။

29 ယေကေလည်း ငါ နင်ရို့ကို ပြောရေ၊ ရှောလမုန်မင်းကြီး ဒေလှောက် ချမ်းသာကြွယ်ဝရို့လည်း ထိုတောပန်းတိအထဲက တစ်ပွင့်လှောက်ပင် ကိုယ့်ကို ဆင်ဖို့မနိုင်ခလီ။

30 အဝေး ကျုံခြင်းတရား အားနည်းသူရို့! ထိုမြက်တိကိုတိုင်အောင် ထာဝရဘုရား ဆင်ရေဆိုကေ နင်ရို့ကို အရာလည်း ပိုရို့ လှပအောင် ဆင်ဖို့ မဟုတ်လော? ယေကေလည်း ထိုမြက်တိစာ ဒေနိခါ အသက်ရှင်ရို့ ဟိကေလည်းသောက် နှက်ဖြန်ခါ မီးဖေါ်ထဲတို့ ဘိုက်ချခြင်းကို ခံရကတ်ဖို့။

31-32 “ယင်းအတွက်န ‘ဇာ စားသောက်ဖို့လည်း’ အရာ ‘ဇာ ဝတ်ဖို့လည်း’ ဆိုပြီးကေ နင်ရို့ မစဉ်းစားကတ်ကေ့၊ အကြောင်းကား လောကမာ ထာဝရဘုရားကို မသိကတ်စာ ဟိသမျ လူမျိုးရို့ရာ ထို ဟိသမျ အကြောင်းအရာကို ယူရို့ အလုပ်ရှုတ်နီကတ်တေ။ ယေကေလည်း ထို ဟိသမျ ဝန်တိကို နင်ရို့ လိုအပ်တေဆိုစာကို နင်ရို့မာ ဂေါင်းခင်ဘုံသျှင် အဖစာ သိထားရေ။

33 ယေကေလည်း နင်ရို့စာ ပထမဆုံး ထာဝရဘုရား၏ နိုင်ငံတော်ကို ရှာကတ် အရာ သူ၏ အလိုတော်ကို လိုက်နာကတ်။ ယင်းပိုင်ဆိုကေ ထို ဟိသမျ ဝန်တိကို နင်ရို့ ရကတ်လိမည်။

34 ယင်းအတွက်န နင်ရို့ နှက်ဖြန်ခါ အကြောင်းကို ယူရို့ မစဉ်းစားကတ်ကေ့။ နှက်ဖြန်ခါ အကြောင်းကို နှက်ဖြန်ခါ စဉ်းစားကတ်။ ဒေနိခါ တွိကြုံရစာ ဒုက္ခတိ ဒေနိအတွက်မာ လုံလောက်ပျာ။”

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Následuj nás:



Reklamy